ဖားကန့်မြို့ ဆိပ်မူကျေးရွာအနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းက ယူမာကျေးရွာမှ ဆိပ်မူကျေးရွာသို့ ချီတက်လာချိန် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့ရှိ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်းတောင်ဘက် စစ်ကောင်စီတွေစစ်ကြောင်းထိုးလာလို့ ဒီနေရာမှာ ကျွန်တော်တို့ရှိတယ်ဆိုတဲ့သဘောမျိုး စောင့်ကြိုပစ်တာ။ စောင့်ကြိုတိုက်တဲ့အထဲစစ်ကောင်စီဘက်လေးယောက်တော့ သေသွားတာ အတည်ပြုချက်ရထားပြီးပါပြီ။ အခုလည်း ဖားကန့်ဘက်ကစစ်ကြောင်းတွေ ဒီဘက်ဆိုင်းတောင်ဘက် ဆက်တိုက်ထိုးနေကြတယ်” ဟုပြောသည်။

စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် အင်အား ၈၀ ခန့်ပါရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ယူမာကျေးရွာသို့ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီခန့်ကလည်း ဆိပ်မူကျေးရွာ အမှတ် ၃ ရပ်ကွက်ရှိ တံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အသက် ၃၂ နှစ်ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

“စစ်သားတွေတွေ့လို့လိုက်ပစ်တာလို့ ပြောနေကြတယ်။ အရမ်းကြီးပြင်းထန်တာမျိုးတော့ မရှိဘူး။ ဆိပ်မူရဲစခန်းကုန်းကနေလည်း သေနတ်ပစ်ဖောက်သ့တွေကြားခဲ့ရတယ်” ဟုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာပြည်သူများကို တားဆီးစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းဖားကန့်မြို့နယ်တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိလာပြီး ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖားကန့်မြို့တပ်မကုန်းမှ ဆိပ်မူရွာဟောင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း – Pe Ti, Pan Soon

ဓါတ်ပုံ – EPA

သင့်ထင်မြင်ချက်ရေးပေးပါ