စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နားခါးကျေးရွာမှ ဒေသခံပြည်သူအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နားခါးကျောင်းတိုက်အနီးမှ နေအိမ်တစ်ခုတွင် ယမန်နေ့ည ၉ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် ထိမှန်ခဲ့ပြီးနောက် ယနေ့နံနက် ၃ နာရီခန့်တွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အင်းတော်ဂျပန်လှိုင်ဂူကုန်းကနေပြီးမှ (စစ်ကောင်စီ)က လှမ်းထုလိုက်တဲ့ ၆၀ မမ အဲဒီဘုန်းကြီးကျောင်းထောင့်နားကအိမ်ထဲကို ကျရောက်ပေါက်ကွဲပြီးတော့မှ အဲဒီလက်နက်ကြီးထိမှန်တယ်။ ပြီးတော့သူက မနက် ၃ နာရီလောက်မှာဆုံးသွားတယ်ဗျ” ဟုဆိုသည်။

သေဆုံးခဲ့သူမှာ အသက် ၆၀ အရွယ် ဦးစိုးနိုင်ဆိုသူဖြစ်သည်။

အင်တော်မြို့နယ်တွင် ယခုရက်ပိုင်း KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပြီး သက္ကယ်ကျင်းကျေးရွာအနီးတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်ကူလာသည့် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအမျိုးသားအခြားတစ်ဦးက ပြောသည်။

“နဘားမှာအထိုင်ချနေတဲ့တပ်က အဲဒီ(နန့်သာ) ဘက်ကိုစစ်ကူပို့တာပေါ့ အဲဒီမှာဖြတ်တောက်ရေးအဖွဲ့က ဖြတ်တောက်နေတာ။ နန့်သာနဲ့ နဘားနဲ့ကြတော့ တောင်လေးပဲခံထားတာပေါ့။ ကားလမ်းအတိုင်း သွားမယ်ဆိုရင် ဝေးတယ် တောင်ပေါ်ကဖြတ်သွားမယ်ဆိုနီးတာပေါ့” ဟုဆိုသည်။

အင်းတော် – ဗန်းမောက်သွားလမ်းပေါ်ရှိ နန့်သာကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းမှ အနီးအနားရှိကျေးရွာများသို့ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်ကလည်း နန့်သာကျေးရွာရှိ ဒေသအခေါ် နန့်သာအောက်ကျောင်း (ဘုန်းကြီးကျောင်း) ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သောကြောင့် ဦးပဥ္ဇင်းတစ်ပါး၊ အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်စောဆိုသူတို့ အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ