ဒေသခံပြည်သူများ စစ်ရှောင်နေသည့် ဆွမ်ပီယန်ကျေးရွာရှိ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်စားသောက်ပြီး နေအိမ်များရှိ ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြောင်း သိရသည်။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှ ဒေသခံပြည်သူတို့၏နေအိမ်များရှိ အိုးခွက်ပန်ကန်များမှအစ ဆိုင်ကယ်နှင့် အဖိုးတန်သည့်ပစ္စည်းများအားလုံးကိုခိုးယူကာ ပူတာအိုမြို့သို့တင်ပို့နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်အားလုံးသူတို့မဝင်တဲ့အိမ်မရှိတော့ဘူး၊ ဘုရားကျောင်းကအစ အားလုံးဝင်ပြီ။ နေရာတကာဟုတ်တယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း အားလုံးကုန်ပြီ၊ ရွာအထဲမှာချန်ထားခဲ့တဲ့ ပစ္စည်းတွေအားလုံး တက်လာတဲ့ကားတွေမှာပါးလိုက်တာ။ ကားသမားတွေမထည့်ချင်ရင်လည်း အတင်းထည့်ခိုင်းပြီး ပူတာအိုကိုခိုးနေတာဟုတ်တယ်” ဟုပြောသည်။

စက်ပစ္စည်းများ၊ ဆိုင်ကယ်၊ စပါးကျည်အတွင်းရှိ ဆန်၊ စပါးများကိုလည်း ခိုးယူကာ သယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကျေးရွာအတွင်းတပ်စွဲနေခဲ့ချိန်မှစတင်ကာ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စဝင်လာတဲ့အချိန်က လက်တွေ့ကိုတွေ့ရတာ ဒီကကြက်၊ ဝက်တွေသတ်စားနေတာ။ နောက်ပိုင်း ကျွန်တော်တို့ထွက်ပြေးသွားတဲ့အချိန်တော့ ကျန်တဲ့ပစ္စည်းတွေက အားလုံးသူတို့ဟာဖြစ်သွားပြီ။ ပိုဆိုးတာက တပ်မတွေကျွန်တော်တို့မပြေးခင်ရောက်လာတော့ ကျွန်တော်(စစ်ကောင်စီ)တို့က ကြည့်လို့မရတော့ဘူးဆိုရင်တွေ့တာအားလုံးသတ်တယ်၊ ရှို့တယ်ဆိုပြီး ခြိမ်းခြောက်တာရှိတယ်” ဟုပြောသည်။

ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်ကျေးရွာနှင့် ဝဒတ်ကျေးရွာမှ ဒေသခံပြည်သူ လူဦးရေ ၁၃၀၀ ခန့်က ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစတင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် မေ ၁၈ ရက်နေ့တွင် ဆွမ်ပီယန်ကျေးရွာအတွင်းရှိ အိမ်သုံးလုံးမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်က မေလ ၅ ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပူတာအိုမှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းများက ဆွမ်ပီယန်ကျေးရွာတွင် အင်အားဖြည့်တင်းမှုများဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၃၀ ခန့်ရှိကြောင်း သိရသည်။

 

သတင်း – Sin Li

ပုံ – ပြီးခဲ့သည့် မေ ၁၈ ရက်နေ့က ဆွမ်ပီယန်ကျေးရွာရှိ နေအိမ်သုံးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရ

သင့်ထင်မြင်ချက်ရေးပေးပါ