မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာရှိ KBC ဘုရားကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က ဝင်ရောက်တပ်စွဲနေထိုင်နေသောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီပူးပေါင်းတပ်က ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ကျေးရွာအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအချို့ကိုဖမ်းဆီးခဲ့မှုများလည်းရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လယ်တောကပြန်လာတာလန့်လို့ပြန်ထွက်ပြေးခဲ့ပြီ အဲ့ကနေ လက်နက်ကြီးရမ်းပစ်ပြီးနေနေကြတယ်။ ကျွန်တော်ရောက်လာတဲ့အချိန်က သူတို့အဲ့မှာရှိနေတုန်းပဲ။ မေတ္တာဘက်ကလူကိုဖမ်းထားတယ်လို့ပဲ သိရသေးတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဘုရားကျောင်းဝင်အတွင်း မွန်းလွှဲ ၁ နာရီခန့်မှစတင်ကာ ဝင်ရောက်နေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

အဆိုပါစစ်ကောင်စီပူးပေါင်းအဖွဲ့က အသင်းတော်ရုံးခန်းကို သော့ဖျက်ကာဝင်ရောက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဘုရားကျောင်းနဲ့ အသင်းတော်ရုံးမှာသော့တွေဖျက်ဆီးပြီးလာနေကြတယ်။ ဆေးဆရာမနှစ်ယောက်က ဘုရားကျောင်းမှာဆေးလာယူတာ အဲ့အချိန်ဖမ်းလိုက်တာပြန်လွတ်လိုက်ပြီလို့ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာပြီဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က ဖမ်းဆီးခံရသူအရေအတွက်နှင့် ပြန်လည်လွတ်မြောက်လာသူအရေအတွက်ကို အတည်မပြုနိုင်သေးပါ။

စစ်ကောင်စီပူးပေါင်းတပ်က ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်လာသောကြောင့် ဒေသခံပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူကဆက်ပြောသည်။

“တချို့ကမနေ့ကတည်းကထွက်ပြေးနေပြီ။ ဒီနေ့တော့ကပြားကယာထွက်ပြေးနေကြတယ်။ သူတို့လက်ကလွှတ်ဖို့အဓိကပြေးရတာ။ ကျွန်တော်တို့လည်းအခုစစ်ရှောင်မှာရောက်နေပြီ” ဟုပြောသည်။

အင်းတော်ကြီးဒေသတွင်  KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းများကို  တိုက်ခိုက်ခဲ့သော ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဝှေလုံ၊ ညောင်ပင်နှင့် ချောင်းဝစစ်ကောင်စီစခန်းကို ဇွန်လ ၂၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 

သတင်း – Sin Li

ပုံ – နန့်မွန်းကျေးရွာမှ စစ်ရှောင်ပြည်သူအချို့ (ဓါတ်ပုံ – Nawng ing Kachin Baptist Church)

သင့်ထင်မြင်ချက်ရေးပေးပါ