နှစ်ပတ်ကျော်ကြာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်အတွင်း လိုင်းများပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် Telenor ဖုန်းလိုင်းနှင့် Ooredoo ဖုန်းလိုင်းသာပြန်လည်ရရှိပြီး ပူတာအိုမြို့နယ်တွင် Mytel ဖုန်းလိုင်းမှလွဲပြီး ကျန်ဖုန်းလိုင်းအားလုံးပြန်လည်ရရှိပြီဟု မချမ်းဘော့မြို့ရပ်ကွက်(၁)နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပူတာအိုဘက်ကတော့ တနင်္ဂနွေမနက်ပိုင်းကတည်းကစပေါ်တာဟုတ်တယ်။ မချမ်းဘော့ဘက်ကတော့ ညနေပိုင်းငါးနာရီလောက်ကနေပဲစပေါ်တာ။ အရင်ကတော့ ဆီကုန်လို့ပြတ်တယ်လို့တော့ပြောတာပဲ အခုတော့ပူတာအိုဘက် ဆီကားတွေရောက်လို့ ပြန်ဖွင့်တာနေမှာ” ဟုပြောသည်။

ပူတာအိုမြို့တွင် MPT နှင့် Mytel ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ နှစ်လခန့် ကြာမြင့်နေပြီဖြစ်ပြီး Ooredoo နှင့် Telenor ဖုန်းလိုင်းများမှာ ဇွန်လဒုတိယပတ်မှ စတင်ကာ ပြတ်တောက်ခဲ့ရာ ပြီးခဲ့သည့် ၂၃ ရက်နေ့ညနေမှစတင်ကာ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်ခဲ့သောကြောင့် တက်ရောက်နေသည့် အွန်လိုင်းသင်တန်းများ နောက်ကျခဲ့ရသည်ဟု ပူတာအိုလေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖုန်းဘေလ်တွေလည်း အားလုံးရောင်းတော့ရောင်းတယ် တစ်ထောင်တန်တစ်ကဒ်ကို တစ်ထောင့်တစ်ရာလို့ပြောတယ်။ Zoom နဲ့သင်တန်းတက်တာ နှစ်ပတ်ကျော်လောက် လိုင်းပြတ်သွားတော့ အခုသူများကိုမီဖို့တော်တော်လိုက်ရတော့မယ်။ အခုလည်း VPN ခဏခဏ ပြုတ်ပြုတ်သွားတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ဖုန်းလိုင်းများပြန်လည် ရရှိသော်လည်း ပြန်လည်ပြတ်တောက်သွားမည်ကို ဒေသခံပြည်သူများကစိုးရိမ်နေကြသည်။

ဖုန်းလိုင်းပြတ်ရခြင်းအကြောင်းအရင်းမှာ ဖုန်းတာဝါတိုင်များလည်ပတ်နိုင်ရန်အတွက် စက်သုံးဆီ ပြတ်လပ်နေခြင်းနှင့် လျှပ်စစ်မီးပုံမှန်မရခြင်းကြောင့်ဖြစ်သည်ဟု ဖုန်းတာဝါတိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

ဆီတင်ကားများသည် ပူတာအိုခရိုင်သို့ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ညနေက ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၇၀၀ ml တစ်လုံးလျှင် ငါးထောင်ကျပ်ဖြင့်ရောင်းချပေးနေကြောင်း ဒေသခံများထံမှသိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပြန်ဖွင့်ပြီး ကုန်ကားများရောက်ရှိလာသော်လည်း စားသောက်ကုန်များမှာ လောက်ငှခြင်းမရှိသောကြောင့် ကုန်ဈေးနှုန်းသိသာစွာ လျော့ကျသွားခြင်းမျိုးမရှိကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲကြောင့် သုံးလခန့်ကြာပိတ်ထားခဲ့သည့် အဆိုပါလမ်းကို ဇွန်လ ၈ ရက်နေ့မှစတင်ကာ ကုန်ကားများကို အကန့်အသတ်ဖြင့် စတင်သွားလာခွင့်ပြုခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ