ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်းသိရသည်။

ဆိပ်မူကျေးရွာတွင် ယနေ့ နံနက် ၂ နာရီခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်သံများ ထွက်ပေါ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဖားကန့်မြို့ရှိ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်းတောင်ဘက်တိုက်ပွဲဖြစ်နေတာ တပ်မကုန်းကနေလက်နက်ကြီးနဲ့ ထုနေတာ၊ ၁၀နာရီကျော်လောက်မှာ တဒုန်းဒုန်းနဲ့ ပစ်ထည့်နေတာအသံကြားနေရတာ၊ ဖားကန့်ဘက်ကနေ စကစက အင်အား ၅၀ လောက်ရှိတဲ့ စစ်ကြောင်းထွက်လာတယ်လို့ကြားတယ်၊ ပစ်ခတ်ကြတာနေမှာ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး မှော်ရှန်ကျေးရွာနှင့် ဆိပ်မူကျေးရွာတို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှုရှိပြီး ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဆိပ်မူနှင့် ဝှေခါလမ်းပိုင်းတွင် စောင့်ကြိုတိုက်ခိုက်ရာမှာ ယမန်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“အစကတည်းက သူတို့ဘက်က စစ်ကြောင်းထိုးလာရင်ပစ်ဖို့ ပစ်မိန့်ကရထားပြီးသားမို့လို့ ထိုးလာရင်တော့ဖြစ် လာမှာပဲ။ သူတို့ပြန်ဆုတ်တာတွေလုပ်ရင်တော့ အခြေအနေကပြောင်းနိုင်တာပေါ့။ ထိတွေ့ပစ်ခတ်မှုက သိပ်တော့မကြာဘူး ခဏလေးပဲဖြစ်လိုက်တယ်ဆိုပေမဲ့ ရှေ့ဆက်ကတော့ အခြေအနေအရပေါ့” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ကနဦးသိရပြီး The 74 Media က အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသောကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများထွက်ပေါ်ခဲ့သောကြောင့် စိုးရိမ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုလည်းအသံထွက်နေတယ်၊ ဘယ်အဖွဲ့ကပစ်မှန်းတော့မသိဘူး သေနတ်သံရော လက်နက်ကြီးသံပါထွက်နေတာအခုက။ ဘုန်းကြီးကျောင်းဘက်ကိုဝင်တာထင်တယ် ကျွန်တော်တို့အပေါ်ဘက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ အရင်ကလည်းအခုလိုအခြေအနေတွေရှိဖူးပေမဲ့ ဒီတစ်ခါတော့ နည်းနည်းပိုဆိုးတာဆိုတော့ ကျွန်တော်တို့တောင်ပြာသွားတယ်” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်နေရာအချို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည့်လက်နက်ကြီးကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

“လုံးခင်းအဝင်ဘုရားနား စစ်ကောင်စီတွေရှိနေတဲ့နေရာမှာ ဒရုန်းနဲ့ အရင်သွားပစ်တယ်လို့ကြားတယ်၊ အပြန်အလှန်တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ မျောက်ကုန်းစခန်းကနေ လက်နက်ကြီးနဲ့ပြန်ပစ်တာ။ လမ်းဆုံလေ လုံးခင်းကျောက်ဝိုင်းထိပ်က ဆွေလုကုန်မာဆိုင်လက်နက်ကြီးကျလို့ မီးလောင်သွားတာ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် လုံးခင်းကျေးရွာ ရပ်ကွက် ၄ ရှိ ဆွေးလုကုန်မာဆိုင် မီးလောင်ခဲ့ပြီး မီးသတ်ကားများဖြင့် မီးငြိမ်းသတ်ခဲ့သည်ဟု လုံးခင်းကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောသည်။

“ကျောက်ဝိုင်းတောင် ဖြစ်မလားမသိဘူး။ ကုန်မာဆိုင်ဆိုတော့ ပစ္စည်းတွေတော်တော်များများ မီးထဲပါသွားတယ်။ လူမထိလို့တော်သေးတာပေါ့။ မီးမြန်မြန်ငြိမ်းလိုက်နိုင်လို့ပေါ့ မဟုတ်ရင် ဘေးဆိုင်တွေပါလောင်တယ်” ဟုပြောသည်။

ထို့အပြင်မှော်ရှန်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး လက်တွင်လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်က ၃ နာရီဝန်းကျင်ခန့်မှစတင်ကာ စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး ယနေ့နံနက်တွင်လည်း နေရာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့က ယူမာကျေးရွာမှ ဆိပ်မူကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း – Zami, Pe Ti, Pan Soon
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ