စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် စက်သုံးဆီတင်ကားရာနှင့်ချီပိတ်မိနေသဖြင့် ဆီကားမရောက်သောကြောင့် မိုးညှင်းမြို့နယ်တွင် ဓါတ်ဆီဈေးနှုန်းများမြှင့်တက်လာပြီး အချို့နေရာများတွင် ဝယ်ယူရန်ပင်ခက်ခဲနေကြောင်း သိရသည်။

နန့်စီးအောင်ကျေးရွာရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မပြုသဖြင့် ဆီကားများပိတ်မိနေသောကြောင့် စက်သုံးဆီအဝင်မရှိတော့သဖြင့် ဈေးမြှင့်တက်သွားကြောင်း မိုးညှင်းမြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဓာတ်ဆီတွေက အခုကတစ်ဂါလံနှစ်ဆယ့်ခြောက်တဲ့။ ဒီမှာ တချို့ပုလင်းအချိန်တွေနဲ့ ရေသန့်ဘူးနဲ့ရောင်းတဲ့ ဟာတွေကြတော့ ငါးထောင်၊ တစ်သောင်း အဲဒီလိုမျိုးတွေရောင်းတာ” ဟုဆိုသည်။

စက်သုံးဆီအဝင်မရှိသောကြောင့် ဆီပန့်ဆိုင်အချို့ပိတ်ထားကြသကဲ့သို့ ဆိုင်အချို့မှာ ဖွင့်ထားသော်လည်း ရောင်းရန်ဆီမရှိသဖြင့် ဝယ်ယူမရကြောင်းဒေသခံများကဆိုသည်။

ဆီကားများကိုဝင်ခွင့်မပြုသောကြောင့် သုံးဘီး၊ ဆိုင်ကယ်များဖြင့် ဆီသွားရောက်သယ်ယူရောင်းချနေရကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

“အဝင်ပိတ်ထားတဲ့အခါကျတော့ ဘာမှလုပ်လို့မရဘူးလေ လောလောဆယ်က။ ဝင်တဲ့ဟာကလည်း သူ့နည်းသူ့ဟန်နဲ့ မှောင်ခိုလမ်းတွေဝင်နေကြတော့ ဈေးတွေက ကမောက်ကမဖြစ်ကုန်တာပေါ့ဗျာ။ ဈေးကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှိတဲ့ဟာလေးနဲ့ပဲထိန်းပြီးတော့ရောင်းနေရတာပေါ့” ဟုဆိုသည်။

အဆိုပါဆီကားများပိတ်မိနေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန် ဓာတ်ဆီတစ်လီတာ ၇၀၀၀ ကျပ်အထိပေးဝယ်ရကြောင်း မိုးညှင်းမြို့နယ်ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ယခင်က ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှ ကချင်ပြည်နယ်အတွင်းသို့ စက်သုံးဆီဝယ်ယူတင်သွင်းသော်လည်း မေလနှောင်းပိုင်းကစပြီး ကန်ပိုင်တည်နယ်စပ်မှပြောင်းလဲတင်သွင်းရန် စစ်ကောင်စီကညွှန်ကြားခဲ့ပြီးနောက် နန့်စီးအောင်ဂိတ်တွင် ဆီကားများဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဆီဆိုင်ပိုင်ရှင်များထံမှသိရသည်။

ဝိုင်းမော် – ကန်ပိုင်တည်လမ်းရှိ ၁၃ မိုင်ဂိတ်အနီးတွင် ပြီးခဲ့သည့်ဇွန် (၁၁) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် လမ်းပိတ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့တွင် ရက်ပိုင်းခန့်ဆီပြတ်လပ်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်လီတာလျှင် ငါးထောင်ကျပ်ခန့်ပေးရကြောင်း သိရသည်။

 

သတင်း – Thu Ta

ပုံ – အင်းတော်မြို့နယ်အတွင်းပိတ်မိနေသည့်ဆီကားအချို့ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ