ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာသင်ကျောင်းကို PSLF/TNLA ထံ ကျောင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန် ယမန်နေ့ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ပြောဆိုသွားကြောင်းသိရသည်။

ဘာသာရေးကျောင်းများနှင့် ဘာသာရေးကျောင်းလက်အောက်တွင်ဖွင့်ထားသည့် စာသင်ကျောင်းများအားလုံး တအာင်းပညာရေးကောင်စီ (TELC) မူဝါဒလက်အောက်တွင် မှတ်ပုံတင်လိုင်စင်တင်ရမည်ဖြစ်ကြောင်း လူလွတ်ကာ ပြောဆိုခိုင်းခဲ့သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့အုပ်ချုပ်ရေးလိုင်းက ကလေးထင်တယ် ကောင်လေးတစ်ယောက်လွတ်လိုက်ပြီး ကျောင်းထဲကိုလာပြီး လာပြောသွားတာ လိုင်စင်လုပ်ရမယ်တဲ့ မနက်ဖြန် ၁၀ နာရီမှာ သူတို့မြို့နယ်မှူးနေတဲ့နေရာ သစ်တောရုံးကို လာခဲ့ကြဖို့လာပြောသွားတာ။ ကျောင်းရှိသမျှအကုန်လုံး၊ ဘာသာရေးကျောင်းတွေနဲ့ ဘာသာရေးလက်အောက်ကဖွင့်ထားတဲ့ကျောင်းအကုန်လုံးကို သူတို့ရဲ့ TLEC ပညာရေးမူဝါဒဆီ လိုင်စင်လုပ်ရမယ်ဆိုပြီး လာပြောထားတာဟုတ်တယ်” ဟုပြောသည်။

ကွတ်ခိုင်ဓမ္မကောလိပ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဖွင့်လှစ်ထားသော ကျောင်းဖြစ်သောကြောင့် KBC ဌာနချုပ်၏ဆုံးဖြတ်မှုကိုရယူပြီးမှ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

TNLA က စာသင်ကျောင်းများကို လက်နက်ကိုင်ကာအတင်းအကြပ်မှတ်ပုံတင်ပြုလုပ်ရန်နှင့် TLEC မူဝါဒအောက်မှသာ ကျောင်းများဖွင့်လှစ်ခွင့်ပြုမည်ဟုပြောဆိုခြင်းမှာ အာဏာရှင်ဆန်သည့်လမ်းစဉ်ဖြစ်သည် ဟု ကွတ်ခိုင်မြို့နယ်မှ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အတင်းအဓမ္မသေနတ်ထောက်ပြီးလုပ်နေတာတော့ စစ်ကောင်စီထက်ဆိုးတဲ့ အာဏာရှင်နဲ့တူတယ်။ သူတို့က ကျွန်မတို့ကို နင်တို့တွေပြောကြည့်ကြပါ နင်တို့အများပြည်သူတွေရဲ့စိတ်ကြိုက်လိုက်ပေးမယ်သာပြောပြီး ဘာတစ်ခုမှလုပ်ဖူးတာမရှိပါဘူး။ ပုဂ္ဂလိကကျောင်းတွေရော ဘာသာရေးကျောင်းနဲ့ အောက်မှာရှိနေတဲ့ ကျောင်းတွေအကုန်လုံးကို သူတို့ TLEC ကပိုင်ကြောင်း တိုးတက်နေပြီဖြစ်ကြောင်း အရမ်းချပြချင်နေတာလေ” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယခုရက်ပိုင်း ကျောင်းကိစ္စနှင့်ပတ်သက်ပြီး TNLA တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကျောင်းကော်မတီဝင်များ ဆွေးနွေးမှုများပြုလုပ်ကြချိန် တအာင်းပညာရေးကောင်စီ (TELC) မူဝါဒအောက်တွင်သာ ကျောင်းဖွင့်ခွင့်ပြုမည်ဟု ပြောဆိုမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းဝင်းထဲသို့ TNLA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို မောင်းထုတ်ကာ ကျောင်းချိတ်ပိတ်ခဲ့ပြီး လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်သည်။

 

သတင်း- Zami

ဓါတ်ပုံ – KTC Kutkai

သင့်ထင်မြင်ချက်ရေးပေးပါ