တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့၊ ဆိပ်မူကျေးရွာနှင့် မှော်ရှန်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအချို့လည်း တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

မှော်ရှန်ကျေးရွာရှိ ရိန်းဘိုးဖုန်းဆိုင်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဖုန်းဆိုင်မီးလောင်ခဲ့ပြီး သုံးဦးခြေထောက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသက် ၃၆ နှစ်အရွယ်မှော်ရှန်ကျေးရွာနေ အမျိုးသမီးတစ်ဦက The 74 Media ကိုပြောသည်။

“လက်နက်ကြီးကျည်ထိထားတာ သုံးယောက်ကတော့ ခြေထောက်ပြတ်သွားတယ်။ တကယ်ပါ ရွာထဲကို တမင်လိုက်ပစ်နေတာ။ အခုတော့ဆေးရုံကိုသွားပို့ထားပြီပြောတယ်။ ဘယ်ချိန်လက်နက်ကြီးကျည်ကျလာမလဲ ကြောက်နေရတယ်” ဟုပြောသည်။

KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကို ဒရုန်းဖြင့်သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မကုန်းက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီကရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးများမှာ မှော်ရှန်ကျေးရွာ၊ ဆိုင်းတောင်ကျေးရွာနှင့် ငွေပျော်ကျေးရွာတို့တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်မှ ၆၀ ကျော်အရွယ်အထိ စုစုပေါင်း ၁၁ ဦးမှာ ဦးခေါင်း၊ လက်၊ ခြေထောက်နှင့် ပေါင်ရင်းတို့တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး ကျေးရွာအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများက တိုက်ပွဲပြင်းထန်လာမည်ကိုစိုးရိမ်နေခြင်းဖြစ်သည်ဟု အသက် ၄၀ နှစ်အရွယ် ဆိုင်အောင်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

“ဖားကန့်ဘက်ကို ပြေးတဲ့သူပိုများတယ်။ အခုကအောက်ပိုင်းဆင်းမယ်ဆိုလည်း လမ်းကြောက ဘယ်လိုမှန်းမသိ။ တိုက်ပွဲကတော့နေ့ရောညပါချနေကြတာ။ ရွာထဲ လူတောင်သိပ်မရှိတော့ဘူး။ အကုန်စစ်ရှောင်သွားကြပြီ” ဟုပြောသည်။

ဆိပ်မူကျေးရွာအုပ်စု ဆိုင်းအောင်ကျေးရွာ၊ မော်လကင်ကျေးရွာနှင့် နှီးဘုရားကုန်းအနီးရှိ ဒေသခံပြည်သူများက ယမန်နေ့ညနေ ၅ နာရီခန့်မှစတင်ကာ ဘေးလွှတ်ရာသို့ရွှေ့ပြောင်းသွားကြပြီးဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

ယမန်နေ့ညနေကလည်း လုံးခင်းကျေးရွာ ရပ်ကွက် ၄ ရှိ ဆွေးလုကုန်မာဆိုင်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မီးလောင်ပျက်စီးခဲ့သည်။

အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်လာသောကြောင့် ဆိပ်မူနှင့် ဝှေခါလမ်းပိုင်းတွင် KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

သတင်း – Pe Ti
ပုံ – လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သူအချို(ဓါတ်ပုံ – ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ