လူ ၃၀ ကျော်ပျောက်ဆုံးခဲ့သည့် ပန်ဝါမြို့အနီးရှိ မြေရှားသတ္တုလုပ်ကွက် မြေပြိုမှုတွင် ရုပ်အလောင်း ၃၀ ကျော် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှ အမျိုးသမီး ၇ ဦး၏ ရုပ်အလောင်းများအပါအဝင် ၃၀ ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဆက်လက်ရှာဖွေခြင်းမရှိတော့ကြောင်း အမည်မဖော်လိုသည့် လုပ်သားတစ်ဦးက The 74 Media ကို ပြောသည်။

“အားလုံးပေါင်း ၃၁ ယောက်ပျောက်ပေမဲ့ ကျန်တစ်ယောက်ကိုတော့ မတွေ့လို့မရှာကြတော့ဘူး။ ဗမာလူမျိုးလို့ ကြားတာပဲ။ မိန်းကလေးတွေက ထမင်းချက်နဲ့ အိုးချည်တဲ့သူတွေဟုတ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့က ပန်ဝါမြို့၊ ငိလော့ကျေးရွာရှိ မြေရှားသတ္တုလုပ်ကွက်မှ ဝန်ထမ်းတန်းလျား တည်ဆောက်ထားသောနေရာတွင် မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် အများအပြားသေဆုံးခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသေဆုံးခဲ့သူများတွင် တစ်မိသားစုထဲမှ ခုနှစ်ဦးခန့်ပါသွားသူများလည်းရှိသည်ဟု ပန်ဝါမြို့နေ ဈေးသည်အမျိုးသမီးတစ်ဦးကပြောသည်။

“ရှာဖို့ကျန်သေးတယ်ပြောတယ်။ တချို့တွေကျ မိသားစုဝင်တွေခုနှစ်ယောက်စလုံးပါသွားတာလည်းရှိတယ်။ အဲဒါတောင် တစ်ယောက်အလောင်းက မဖော်နိုင်တော့ဘူးလို့ပြောတယ်။ ဟိုတစ်ခါသွားကြည့်ခဲ့တုန်းကလည်း မြေပြိုထားတာဆိုတော့ ရေတွေလည်းအကုန်နောက်ကျိနေပြီလေ ရှာနေတုန်းတစ်လောင်းပေါ်လာတာ မယူလိုက်နိုင်ဘူး တစ်ခါတည်းရေထဲမျောသွားတာ။ အလောင်းတွေ အကုန်လုံးရနိုင်ဖို့တော့ မဖြစ်နိုင်ဘူး” ဟုပြောသည်။

မည်မျှပျောက်ဆုံးခဲ့သည်ကို အတိအကျမသိရသော်လည်း ပျောက်ဆုံးနေသူများရှိနေဆဲဖြစ်ပြီး ယခင်မြေပြိုစဉ်ကလည်း ပျောက်ဆုံးခဲ့သူ ၁၃ ဦးမှ ခြောက်ဦး၏ရုပ်အလောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း သူကပြောသည်။

သေဆုံးခဲ့သူများအတွက် တစ်ဦးလျှင် တရုတ်ငွေခြောက်သောင်ကျော် ကာလပေါက်ဈေးကျပ်သိန်း ၃၅၀ ခန့်ပေးလျှော်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါဖြစ်စဉ်ကို စစ်ကောင်စီလက်အောက်ခံ ပန်ဝါပြည်သူ့စစ်ဦးဇခုန်တိန့်ယိန်း၏ သတင်းဌာန EPN က ပါထိုက်ဟော်သွားလမ်းဖောက်လုပ်နေသည့်နေရာတွင် ကမ်းပါးပြိုကျခဲ့သောကြောင့် လမ်းလုပ်သား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

ချီဖွေ၊ ပန်ဝါဒေသတွင် ယခုလအတွင်း မိုးသည်းထန်စွာရာသွန်းသောကြောင့် မြေရှားသတ္တုလုပ်ကွက်များတွင် မကြာခဏမြေပြိုမှုများဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့ကလည်း ဒေသအခေါ် အမှတ် (၃) လုပ်ကွက် မြေပြိုသောကြောင့် သတ္တုတူးဖော်ရေး လုပ်သားများနှင့် ဈေးသည်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံး ခဲ့သည်။

သတင်း – Zami, Pan Soon

ပုံ – မြေပြိုမှုသည့်ပျောက်ဆုံးခဲ့သူအချို့၏ ရုပ်အလောင်းပြန်လည်ရှာဖွေတွေ့ရှိ

သင့်ထင်မြင်ချက်ရေးပေးပါ