ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာကျောင်းကို PSLF/TNLA ထံ ကျောင်းမှတ်ပုံတင်လိုင်စင် ပြုလုပ်ရန် ယမန်နေ့ညက မှားယွင်းပြောဆိုမိခဲ့သဖြင့် ယင်းအဖွဲ့ကပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းက ဓမ္မကျမ်းစာကောလိပ်ကို တအာင်းပညာရေးကောင်စီ (TLEC) မူဝါဒလက်အောက်တွင် မှတ်ပုံတင်လိုင်စင်တင်ရန် လူလွတ်ကာ မှားယွင်းပြောဆိုခိုင်းခဲ့မိသည့်အတွက် တာဝန်ရှိသူများက တောင်းပန် ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ညလာပြောသွားတာတော့မှန်တယ်။ အဲ့ဒါကြောင့် ဒီမနက် ကျောင်းက ကျောင်းအုပ်နဲ့ ကျောင်းဆရာ တစ်ဦး သူတို့ဆီသွားတော့ ကျွန်တော်တို့ KTC ကိုပြောတာမဟုတ်ဘူး CEC ကျောင်းနဲ့မှားပြီး ပြောမိတဲ့အတွက် ကြောင့် တောင်းပန်ပါတယ်ဆိုပြီးပြန်ပြောတာ” ဟု ပြောသည်။

PSLF/TNLA က Christian Education Center (CEC) ကျောင်းနှင့်မှားယွင်းအကြောင်းကြားခြင်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူများက ဆိုသည်။

ခရစ်ယာန်ပညာရေးစင်တာ (Christian Education Center (CEC)) ဆိုသည်မှာ ကွတ်ခိုင်ကချင်နှစ်ခြင်းခရစ် ယာန်အသင်းတော်မှ တာဝန်ယူဖွင့်လှစ်ထားသည့် ခရစ်ယာန်ပညာရေးကျောင်းဖြစ်ပြီး မြန်မာနိုင်ငံပညာရေးဌာနကရေးဆွဲပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတန်းဖြင့်သင်ကြားပေးနေသော လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်ကျောင်းဖြစ်ကြောင်း သိရသည်။

PSLF/TNLA အနေဖြင့် CEC ကျောင်းသို့ သီးခြားအကြောင်းကြားမှုမရှိသေးသဖြင့် အကြောင်းစုံမသိရှိရသေး ကြောင်းကို CEC ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့လိုတွေဖြစ်ကြတယ်လို့ကြားနေပေမဲ့ ကျွန်မတို့ဘက်တော့အသေးစိတ်မသိရသေးဘူး။ ကျောင်းကိုလည်း တရားဝင်အသိပေး အကြောင်းကြား ပြောဆိုလာတာဘာမှမရှိသေးလို့မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ Christian Education Center (CEC) ကျောင်းသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဓမ္မကျမ်းစာကျောင်း (KTC Kutkai) လက်အောင်တွင်ရပ်တည်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကွတ်ခိုင်ကချင်ခရစ်ယန် အသင်းတော်သို့ လွှဲပြောင်းထားပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းဝင်းထဲသို့ TNLA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို မောင်းထုတ်ကာ ကျောင်းချိတ်ပိတ်ခဲ့ပြီး လက်ရှိအချိန်ထနိ ပိတ်ထားဆဲဖြစ်သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ