နန့်မွန်းဘုရားကျောင်းဝင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ကို ဇွန်လ ၂၇ ရက် ည ၈ နာရီခန့်တွင် KIA ပူးပေါင်းတပ်က ဒရုန်းဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်း KBC ဘုရားကျောင်းဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့လည်းဒီကနေကြားရတယ်။ ရှမ်းနီတွေရှိနေတာကို တောဘက်ကပစ်တယ်ထင်တယ်။ ရှမ်းနီတွေဘက်က တော်တော်လေးပြန်ပစ်နေတာဟုတ်တယ်။ သူတို့ကဘုရားကျောင်းမှာဆိုရင် ဘာမှမလုပ်လောက်ဘူးထင်နေတယ်ထင်တယ်အဲ့မှာရှိနေတယ်ဆိုတော့။ အခုကပစ်လိုက်ပြီပေါ့ အဲ့မှာကစကစတွေပိုများတာဟုတ်တယ်” ဟုပြောသည်။

KIA ပူးပေါင်းတပ်က ဒရုန်းဖြင့်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဘုရားကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ကလည်း လက်နက်ကြီး ၇ နှစ်ကြီးခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဟိုပင်ဇီးကုန်းကျေးရွာတွင်အထိုင်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု နန့်မွန်းဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ကတော်တော်လေးပစ်တယ် နန့်မွန်းဘက်၊ အများပိုင်းက ဟေပုဆနွမ်းကုန်ဘက် ကျတယ်။ ဘုရားကျောင်းမီးလောင်နေတာကမရှိဘူး။ ဟိုပင်ဘက်ကတော့အဲ့မှာစခန်းတော့မရှိဘူး။ လက်နက်ကြီးလာဆင်ပြီး ပစ်နေတာဟုတ်တယ်၊ အခုကနည်းနည်းငြိမ်နေတယ်” ဟုပြောသည်။

ဟိုပင်ဇီးကုန်းကျေးရွာမှာ နန့်မွန်းမြို့နှင့် ၈ မိုင်ခန့်အကွာတွင်တည်ရှိကြောင်း သိရသည်။

နန့်မွန်းနှစ်ခြင်းဘုရားကျောင်းတွင် စစ်ကောင်စီပူးပေါင်းတပ်က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ သော့များရိုက်ဖျက်ကာဝင်ရောက်တပ်စွဲခဲ့ပြီး ဘုရားကျောင်းရှိအသံချဲ့စက်များအသုံးပြုကာ သီချင်ဆိုကာ နေထိုင်နေကြကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ထိုသို့ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သောကြောင့် ဒေသခံပြည်သူအများစုက ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရာ အမြန်ဆုံးပြန်လာကြရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။

သတင်း – Sin Li

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ