ဥရုချောင်းထဲ ရေဆင်းကစားနေစဉ်ပျောက်ဆုံးသွားသည့် ယောက်ျားလေးနှစ်ဦး သုံးရက်ခန့်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာနှင့် ကျောက်သွေးတောင်ကြားရှိ ချောင်းအတွင်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က ရေကစားနေချိန်ပျောက်သွားခြင်းဖြစ်သည်ဟု ဆန်းကြွယ်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကဆက်တိုက်ရွာနေတော့ ရေကကြီးနေတာ အဲ့ဒါကို ကလေးနှစ်ယောက်ရေသွားဆော့ရင်း ရေနစ်သွားတယ်လို့ပြောတယ်။ ရွာကလူတွေလည်းဝိုင်းရှာပေးတယ် မတွေ့သေးဘူး” ဟုပြောသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် မောင်စွမ်းသက်ပိုင် (ခ) တာတီးနှင့် အသက် ၁၈ နှစ်အရွဘ် မောင်မိုးမြင့်အောင်ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးရသည့် အကြောင်းအရင်းကို အတိအကျမသိရသော်လည်း ရေနှစ်သေဆုံးခြင်းဖြစ်နိုင်သောကြောင့် လူမှုကူညီရေးအသင်းများက လာရောက်ရှာဖွေပေးနေကြောင်း ဖားပြင်ကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောသည်။

“အခုထိမတွေ့သေးဘူး ကြည့်ရတာတစ်ခုခုနဲ့ငြိနေတာနေမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာကူရှာပေးတယ် မတွေ့သေးဘူး။ နေပူမှအလောင်းပေါ်လာမယ်ထင်တယ်” ဟုပြောသည်။

ယခုရက်ပိုင်းဖားကန့်မြို့နယ်တွင် မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် ချောင်းရေမြင့်တက်နေပြီး ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း အသက် ၃၁ နှစ်ခန့်အရွယ် မောင်ဇော်ဝင်းအောင်ဆိုသူသေဆုံးခဲ့သည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ မြစိမ်းရောင်ဂေါက်ကလပ် ကျင်းနံပါတ် ၃ ရှိ ရေကန်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အသက် ၇ နှစ်ခန့်အရွယ်ရှိ မောင်မုန်ဒန်အောင်ဆိုသူ ရေနစ်သေဆုံးခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ