တအာင်းတပ် (TNLA) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခ.မ.ရ (၁၁၅) နှင့် နောင်ချိုမြို့မရဲစခန်းတို့မှ မူးယစ်ဆေးဝါး အများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၅) ကို TNLA နှင့် MDY-PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မျိုးစုံ (၃၅၀) ခန့်နှင့် စစ်ဘက်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်ချိုမြို့မရဲစခန်းကို ဝင်ရောက်သိမ်းဆည်းစဉ် ယာဘဆေးပြား အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့မရဲစခန်းကို ဇွန်လ ၂၆ ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့တွင် မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ကိုးခု၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ငါးခုနှင့် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၁ ခုထက်မနည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးလက်နက်ချခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အဆိုပါမြို့နယ်များအပါအဝင် သီပေါနှင့် မိုးမိတ်တို့တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

သတင်း – Dureng

ဓါတ်ပုံ – PSLF/TNLA News

သင့်ထင်မြင်ချက်ရေးပေးပါ