စစ်ရေးတင်းမာနေသည့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် ယမန်နေ့ညနေ ၄ နာရီခန့်ကလည်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နှီးဘုရားကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်အရွယ် ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒရုန်းတွေအိမ်ခေါင်မိုးပေါ်ဝဲနေတယ်။ အဲ့ဘုရားကုန်းနားက စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာတွေကို KIA နဲ့ PDF က ဒရုန်းနဲ့ လာကြဲချသွားတာ။ နှစ်ဖက်အပြန်အလှန်ကိုချကြပြီ” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို မသိရပါ။

ဆိပ်မူရဲတပ်ရင်း ၃၀ ကိုလည်း ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အင်အားထပ်မံဖြည့်တင်းနေဆဲဖြစ်ကြောင်း အသက် ၂၇ နှစ်အရွယ် မှော်ရှန်ကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်ဘက်က ဒီနေ့ဒီအချိန်အထိ တပ်ပြန်မဆုတ်သေးဘူး။ ဒါကြောင့် တိုက်ပွဲပြန်ဖြစ်နေတာ။ ရွာထဲဝင်လာတုန်းက သူတို့အင်အားတော်တော်များတယ်။ ရဲကုန်းတိုက်ခံထားရတော့ သူတို့လူတွေကို နေရာအနှံ့ချထားတယ်လို့ပြောနေကြတယ်။ စိုးရိမ်တာကရွာထဲ လက်နက်ကြီး ကျလာမှာကိုပဲ” ဟုပြောသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် စောင့်ကြိုတိုက်ခိုက်ရာမှ စစ်ရေးတင်းမာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်၊ ဈေးဆိုင်နှင့် ဘာသာရေးအဆောက်အဦး ထိခိုက်မီးလောင်ပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မော်ရှန်ကျေးရွာ၊ ဆိုင်းတောင်ကျေးရွာနှင့် ငွေပျော်ကျေးရွာတို့မှ ပြည်သူ ၁၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများမှ နှစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေအသင်းများ၏ပြောပြချက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်သောကြောင့် ဒေသခံပြည်သူအချို့ နီးစပ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖားကန့်မြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

 

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ