စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသောနေရာတစ်ခုကို KIA ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီကဖမ်းဆီးထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့အနောက်ဖက်၊ နန့်သာကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓားစားခံအဖြစ်ဖမ်းဆီးခံထားရသည့် ဒေသခံ ၆ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အားလုံးအပြီးသိမ်းပြီးပြီ။ အသေရှစ်လောင်းရတယ်။ သူတို့ဖမ်းထားတဲ့ ဓားစာခံ ပြည်သူခြောက်ယောက် အရှင်ပြန်ရတယ်။ နောက်ဒီကောင်တွေ စစ်ဗိုလ်ပါတဲ့ ခြောက်ယောက်ထွက်ပြေးသွားတယ် သက္ကယ်ကျင်းဘက်ကို။ အဲဒါလည်းလိုက်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တုန်း” ဟုဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အသေ ၈ လောင်းအပြင် လက်နက်ငယ် ၁၀ လက်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

နန့်သာကျေးရွာဘုန်းကြီးကျောင်းကို KIA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“လက်နက်ကြီးပစ်တာတွေရှိတယ်။ လေယာဉ်နဲ့ရောပစ်တယ်ဗျ။ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ သူတို့အရင်တပ်စွဲထားတဲ့နေရာကို ပစ်တာဗျ” ဟုဆိုသည်။

KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က အင်းတော်မြို့ဘက်သို့ ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ရာ သက္ကယ်ကျင်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း နန့်သာကျေးရွာရှိ ဒေသအခေါ် နန့်သာအောက်ကျောင်း (ဘုန်းကြီးကျောင်း) ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သောကြောင့် ဦးပဥ္ဇင်းတစ်ပါး၊ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်စောဆိုသူတို့ အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အင်းတော် – ဗန်းမောက်သွားလမ်းပေါ်ရှိ နန့်သာကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲခဲ့သည့် နန့်သာကျေးရွာအောက်ကျောင်း

သင့်ထင်မြင်ချက်ရေးပေးပါ