ဖားကန့်မြို့တွင် စက်သုံးဆီကို ယခင်ကထက် စျေးကြီးပေးဝယ်နေရပြီး အချို့ဆီပန့်ဆိုင်ကြီးများမှာ ပိတ်သွားပြီဖြစ်ကြောင်း သိရသည်။

စက်သုံးဆီအဝင်ကား မရှိသဖြင့်ဆိုင်အချို့ရောင်းရန်ဆီမရှိသောကြောင့်ပိတ်ထားရခြင်းဖြစ်ကာ ဈေးနှုန်းလည်း တဟုန်ထိုးမြင့်တက်လာခြင်းဖြစ်သည်ဟု အသက် ၄၆ နှစ်အရွယ် မှော်စီစာကျေးရွာနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောတယ်။

“စျေးကတဟုန်ထိုးတက်နေတာဗျ။ ဆိုင်တစ်ချို့ဆို လက်ကျန်ပါမရှိတော့လို့ပိတ်ထားကြတယ်။ စစ်ကောင်စီရဲ့ နန့်စီးအောင်ဂိတ်က ဆီသယ်ကားတွေကိုပေးမဝင်လို့ ဒီမှာ (92) က ဝင်မလာသေးတာပါ။ တစ်လီတာကို ရှစ်ထောင်စျေးပေါက်နေတာ” ဟုပြောသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ စက်သုံးဆီ (92) ပြတ်လတ်နေခြင်းဖြစ်ပြီး တစ်ဂါလံ ၁၇၅၀၀ ကျပ်မှ ၃၂၀၀၀ သို့မြင့်တက်သွားခြင်းဖြစ်သည်။

စက်သုံးဆီရောင်းချသူများအနေဖြင့်လည်း ကျန်ရှိနေသောဆီများကို ဈေးတင်ရောင်းချခြင်းမလုပ်စေလိုကြောင်း အသက် ၃၅ နှစ်အရွယ် နမ္မဖြစ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“မှောင်ခိုဆီဆိုင်လေးတွေပေါလာဦးမှာ ပုလင်းနဲ့ရောင်းတဲ့ဟာတွေလေ။ အဓိကပြောချင်တာကတော့ ဆိုင်ပိုင်ရှင်တွေပေါ့ စျေးအရမ်းမတင်ပေးဖို့နဲ့ ရှိတဲ့ဟာကိုလည်းအကျိုးရှိရှိရောင်းချပေးဖို့ပါပဲ” ဟုပြောသည်။

ကချင်ပြည်နယ်သို့ စက်သုံးဆီတင်သွင်းနေမှုကို မေလနှောင်းပိုင်းမှစတင်ကာ ကံပိုက်တည်နယ်စပ်မှပြောင်းလဲတင်သွင်းရန် စစ်ကောင်စီက ညွှန်ကြားခဲ့ပြီးနောက် နန့်စီးအောင်ဂိတ်တွင် ဆီကားဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပိတ်ပင်ခဲ့သောကြောင့် နန့်စီးအောင်ဂိတ်တွင် ဆီကားများပိတ်မိနေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး ကံပိုက်တည်နယ်စပ်မှတင်သွင်သည့် စက်သုံးဆီများကိုလည်း မြစ်ကြီးနားမြို့တွင် တစ်လီတာ ငါးထောင်ခန့်ဖြင့်ရောင်းချပေးနေသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ