ရေကြီးပြီးမြေပြိုသဖြင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတချို့ပျက်စီးပြီး လမ်းပိတ်နေသောကြောင့် ကုန်တင်ကားအစီးရေ ၈၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

 
ကားဆယ်စီးလျင်တစ်အုပ်စုဖြင့် တက်လာကြရာ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့မှစတင်ကာ ဖုန်ကျန်းနှင့် ဝဒတ်ကျေးရွာကြားတို့တွင် လမ်းပိတ်နေခြင်းဖြစ်သည်ဟု ကားသမားတစ်ဦးက The 74 Media ကိုပြောသည်။
 
“ဒီနေ့နဲ့ဆို နှစ်ညအိပ်သုံးရက်ရှိပြီ တောင်ပြိုတာကတော့ အဆင်ပြေပါတယ် ခဏပါ အမှန်က လမ်းကြောကောင်းရင်လည်း ဆွမ်ပီယန်ဂိတ်ကစကစတွေ အစီးရေကန့်သတ်ပြီး လွှတ်ပေးနေတော့ မပိတ်ခင်ကတည်းက ရောက်သင့်တဲ့ကားတွေမရောက်ဘူးပေါ့ဗျာ။ အဲ့ဒါကြောင့်ကားတွေ ဖုန်ကျန်းမှာ ပုံနေတာ” ဟုပြောသည်။
 
လက်ရှိအချိန်တွင် တောင်ပြိုထားသောနေရာများကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး မိုးဆက်တိုက်ရွာသွန်းနေသောကြောင့် ရေကျသွားသောအခါမှ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သူကပြောသည်။
လမ်းမှာ ဖုန်ကျန်းကျေးရွာတံတားအနီးနှင့် တန်ဂျာကျေးရွာတံတားအနီးတို့တွင် တောင်ပြိုပြီး၊ ဝဒတ်ကျေးရွာနှင့် ခင်ဒူယာန်ကျေးရွာတို့တွင် ချောင်းရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။
 
မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတွင် နေရာကွက်ကြားမိုးရွာသွန်းနေသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး လမ်းပိတ်နေသောကြောင့် ကုန်ဈေးနှုန်းပြန်လည်ကြီးမြင့်လာမည်ကို စိုးရိမ်ကြောင်း ပူတာအိုဒေသခံတစ်ဦးကပြောသည်။
 
“လမ်းပိတ်တာကြာလာရင်တော့ ကုန်ဈေးနှုန်းတွေလည်း ပြန်တက်လာတော့မှာ။ အခုအဲ့ဘက်မှာကြီးနေတဲ့ ရေတွေကချောင်းတွေဟုတ်တယ်။ မိုးတိတ်မှရေကျမှာ တောင်ကျချောင်းရေတွေကတော့ ခဏကြီးပြီး ခဏဆိုခမ်းမှာ အခုကအဲ့ဘက်မှာ မိုးကတစ်လလောက်ရှိပြီနေရာကွက်ကြားရွာတာ အဲ့ဒါကြောင့် ခမ်းဖို့ခက်နေတာ” ဟုပြောသည်။
 
ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ ရေလွှမ်းဒဏ်ခံနေရပြီး လက်ရှိအချိန် ပူတာအိုမြို့ပေါ်တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။
 
မြစ်ကြီးနား – ပူတာအိုလမ်းကို တိုက်ပွဲကြောင့် သုံးလခန့်ကြာပိတ်ထားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့မှစတင်ကာ အကန့်အသတ်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
 
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင်လည်း အဆိုပါလမ်းရှိ မဆွန်ဇွပ်နှင့် တန်ဂျာကျေးရွာကြား၊ ကျောက်ရေတွင်းအနီးတွင်လည်း တောင်ပြိုခဲ့သောကြောင့် သုံးရက်အကြာ ယာယီလမ်းပိတ်ခဲ့သည်။
 
သတင်း – Dureng
ပုံ – မြစ်ကြီးနား – ပူတာအိုလမ်းတွင် ပိတ်မိနေသည့် ကုန်ကားအချို့ (ဓာတ်ပုံ – Sao Thiha Aung)
သင့်ထင်မြင်ချက်ရေးပေးပါ