ဒုတိယအကြိမ်ရေဘေးဒဏ် ထပ်မံကြုံတွေ့နေရသည့် ချီဖွေမြို့မှ စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် အစားအစာများ အရေပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ချောင်းရေပိုတိုးလာသောကြောင့် စစ်ရှောင်စခန်းသို့ရေဝင်ရောက်ခဲ့သဖြင့် ဘေးလွတ်ရာသို့ အရေးပေါ်တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံက The 74 Media ကိုပြောသည်။

“သောက်ရေကတော်တော်လေးခက်ခဲနေတယ်။ တောင်ကျရေကနေသွယ်ယူတာ မြေတွေက ပြန်ပြိုဆိုတော့ ဖြစ်သလိုမိုးရေခံပြီးပဲသောက်နေရတယ်။ ဘုရားကျောင်းကလည်း ကူတော့ကူညီပေးနေတယ်။ ဒါပေမဲ့ကျွန်တော်တို့လည်း အစကတည်းက အစားအသောက်က ဖြစ်သလိုပဲစားနိုင်တယ်ဆိုတော့ အခုကပေါင်းစားတော့တော်တော်လေးခက်နေတယ်” ဟုပြောသည်။

ချောင်းရေတိုးလာသောကြောင့် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အိမ်သာအသုံးပြုရန် အခက်အခဲများစွာရင်ဆိုင်နေရသည်ဟု သူကပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းနေပြီး ပစ္စည်းရွှေ့ပြောင်းထားသောနေရာများတွင်လည်း မိုးမလုံသောကြောင့် မိုးကာများလည်းကူညီပေးစေလိုကြောင်း စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

“မိုးကာတွေအများကြီးလိုအပ်နေတယ်။ ပစ္စည်းတွေလည်းပြောင်းနေရတော့ သွားပြောင်းထားတဲ့နေရာမှာလည်း လူကများတော့ ရေပြန်စိုသွားအဲ့လိုဖြစ်နေတယ်။ ပစ္စည်းတွေလည်း ရွှေ့နေကြတယ်။ မနေ့ကတော့ ဟိုနေ့ကကြီးသလောက်ရေကမကြီးသေးဘူး။ ဒီနေ့က အားလုံးမြုပ်လာပြီ” ဟုပြောသည်။

မြို့အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုလုံးစလုံးမှ ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန် ချီဖွေမြို့အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုစလုံးရှိ စစ်ရှောင်ပြည်သူ ၆၀၀ ခန့်မှာ ချီဖွေဇုံနယ်အသင်းတော်ရုံးနှင့် နီးစပ်ရာဆွေမျိုးများသို့ အရေးပေါ်ပြောင်းရွှေ့နေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါချီဖွေမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုမှာ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ချောင်းရေတိုးလာသောကြောင့် ရေဘေးဒုက္ခကြုံတွေခဲ့ရပြီး မြို့အတွင်းရပ်ကွက်အချို့တွင် ရေဝင်လာခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အထူးဒေသ (၁) ရှိ တရုတ်နယ်စပ် ဖီမော်၊ ကမ်ဖန်တို့တွင်လည်း ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်ခဲ့သဖြင့် တောင်ကျရေကြောင့်မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရေကြီးရေလျှံရခြင်းမှာ ချီဖွေမြို့အထက်တွင် အများအပြားသစ်ခုတ်သောကြောင့် သစ်တောပြုန်းတီးသွားသဖြင့် ရေကြီးရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

 

သတင်း – Doi Awng

ပုံ – ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က တောင်ကျရေကြောင့် ချီဖွေစစ်ရှောင်စခန်းရေဝင်ရောက် (ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ