စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပြည်သူ့ဆေးရုံတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လိုသောကြောင့် ချိတ်ဆက်ပေးရန် ပြည်သူများကို အကူအညီတောင်းပြီး ယမန်နေ့နံနက် ၅ နာရီခန့်က လက်နက်နှင့်အတူအလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူကတစ်ကယ်တော့ နယ်မြေခံအဖွဲ့တွေနဲ့ တစ်ယောက်နဲ့မှမသိဘူး။ လက်နက်တွေယူလာပြီးတော့ သူ့လူတွေတွေ့မှာစိုးလို့ သပ်သပ်တစ်နေရာမှာပုန်းနေတာ။ မနက်လင်းမှ ပြည်သူ့သုံးဘီးနဲ့လားမသိဘူး သူအလင်းလာဝင်တာပါဆိုပြီးတော့ လိုက်ပို့ခိုင်းလို့ အဖွဲ့အစည်းတစ်ခုကို လိုက်ပို့လိုက်တာဗျာ။ မြို့ပေါ် UG အဖွဲ့ကိုအရင်ရောက်ပြီးမှ ပလဖ အဖွဲ့ကိုရောက်သွားတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် အလင်းဝင်လာသူကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီး ဆုချီးမြှင့်ရန်အတွက် လိုအပ်သည်များဆက်လက်လုပ်ဆောင်နေကြောင်း သူကပြောသည်။

အလင်းဝင်ရောက်လာသူမှာ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတပ်ကြပ် ဦးကျော်စိုးဆိုသူဖြစ်ပြီး MA1 နှစ်လက်၊ ကျည် ၅.၅၆ (၂၁၀)တောင့်၊ ကျည်ဘောက်လေးခုနှင့် လက်ပစ်ဗုံးတစ်လုံးပါလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားတစ်ဦး ခင်ဦးမြို့နယ် ပကဖ နှင့် ချိတ်ဆက်ကာ လက်နက်များနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ