ဗန်းမော်မြို့ ဧရာဝတီမြစ်ရေမှာ ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိလာနိုင်သောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွင်နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိဗန်းမော်မြို့ဧရာဝတီမြစ်ရေမှာ ၉၉၇ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ငါးပေခန့်သာလိုအပ်ပြီး နောက်ထပ် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာသို့ရောက်ရှိနိုင်ကြောင်း သိရသည်။

မြစ်အနီးရှိ မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်တွင် ယနေ့ နံနက်မှစတင်ကာ မြစ်ရေဝင်ရောက်လျက်ရှိပြီး ဒေသခံအချို့မှာ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း ရပ်ကွက်နေအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“ခွန်သာထဲကိုတော့ရေတွေက အနိမ့်ပိုင်းလေးတွေကိုတော့နည်းနည်းဝင်စရှိနေပြီ။ တပ်ကလေးအနေအထားကတော့ မနက်ဖြန်လောက်ဆိုရင်တော့ ပြောင်းရွှေ့ရမယ့်အနေအထားရှိတယ်။ ခွန်သာကတော့ တချို့တွေပြောင်းထားကုန်ပြီ။ ဒီနေ့တော့ အိမ်ခြေ ၄၀ လောက်ပြောင်းသွားပြီ” ဟုဆိုသည်။

မလိခမြစ်ရေမှာကျဆင်းလာပြီဖြစ်သော်လည်း မေခမြစ်ရေတွင် ရေမြင့်တက်နေကြောင်းသိရပြီး မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာလည်း စိုးရိမ်ရေမှတ်အထက် စင်တီမီတာ ၁၀၀ ကျော်ခန့်ထိမြင့်တက်နေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဗန်းမော်မြို့ ဧရာဝတီမြစ်ရေသည် ၁၁၁၂ စင်တီမီတာ စိုးရိမ်ရေအမှတ် အထက် ၃၈ စင်တီမီတာ ( ၁ ပေကျော်) အထိရောက်ရှိခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံ ၁၆၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ထို့အပြင် ရွှေကူမြို့ဧရာဝတီမြစ်ရေမှာလည်း ၉၃၀ စင်တီမီတာသို့ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေးဖော်ပြထားသည်။

မြစ်ကြီးနားမြို့ရှိ မြေနိမ့်ရပ်ကွက်များတွင် ယမန်နေ့ညပိုင်းမှစတင်ကာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ယနေ့ညနေပိုင်းအထိ ရေဆက်တက်နေကြောင်း သိရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လက ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်ခဲ့စဉ်

သင့်ထင်မြင်ချက်ရေးပေးပါ