မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ယမန်နေ့သန်းခေါင်ယံတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျလာကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့က မြစ်ရေတစ်နာရီလျှင် ရှစ်စင်တီမီတာ (သုံးလက်မ) နှုန်းဖြင့်မြင့်တက်ခဲ့သော်လည်း ရေပြန်ကျလာနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
 
“ရေက ညတုန်းကလောက်တော့ မတက်တော့ဘူး။ တဖြည်းဖြည်းပြန်ကျနေတယ်။ ပြန်ကျတယ်ဆိုပေမဲ့ ရေကတော့ကြီးနေတုန်းပါ။ မနေ့ညထက် ဒီမနက်လျော့သွားတာလို့ ဆိုလိုတာပါ” ဟု ဆိုသည်။
 
ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်သုံးပုံ နှစ်ပုံခန့်တွင် ရေဝင်ရောက်ခဲ့ပြီး ရေမျက်နှာပြင် ဆက်လက်မြင့်တက်ခဲ့သည်။
 
ရေပြန်ကျသည်ဟုဆိုသော်လည်း ပိတ်မိနေသည့်ပြည်သူများ နေရာအနှံ့ရှိနေသေးသလို ကူညီကယ်ဆယ်ရေးလုပ်ငန်းအများအပြားလိုအပ်နေဆဲဖြစ်သည်ဟု စီတာပူဒေသခံတစ်ဦးက ဆိုသည်။
 
“ကျွန်မတောင် ကံကောင်းလို့လွတ်လာတာ၊ စီတာပူဘက်ကတချို့ဒီမနက်က လှေနဲ့ထွက်ခဲ့တယ်။ မထွက်လာနိုင်​သေးတဲ့သူတွေ ရှိနေတုန်းပဲ။ အိမ်ပေါ်တက်နေနိုင်ရင်တောင် သောက်ရေနဲ့ အစားအသောက်လိုမယ်နော်” ဟု ပြောသည်။
 
ပိတ်မိပြည်သူများနှင့် ကယ်ဆယ်ရေးအင်အားမမျှသည့်အပြင် မြစ်ကြီးနားမြို့တွင် စက်သုံးဆီပြတ်လတ်နေသဖြင့် ဓာတ်ဆီဝယ်မရသောကြောင့် ကယ်ဆယ်ရေးအတွက် စက်လှေများအသုံးပြုရန် အခက်အခဲကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
 
ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးနိုင်လင်းထွေးကအမြင့်ဆုံး ၁၄၅၀ စင်တီမီတာအထိ စံချိန်တင်မြင့်တက်နိုင်သည်ဟု ခန့်မှန်းကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
 
ဧရာဝတီမြစ်ရေမှာ ၁၉၉၇ ခုနှစ်က ၁၄၁၁ စင်တီမီတာအထိမြင့်တက်ခဲ့ပြီး ၂၀၀၄ ခုနှစ်နှစ်က ၁၄၀၇ စင်တီမီတာအထိမြင့်တက်ခဲ့သည်။
 
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း မြစ်အနီးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်ခဲ့သောကြောင့် ဒေသခံအချို့ပြောင်းရွှေ့ခဲ့ကြသည်။
 
သတင်း – Dureng
သင့်ထင်မြင်ချက်ရေးပေးပါ