ဗန်းမော်မြို့ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်တွင် ရေစတင်ဝင်ရောက်နေပြီဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၂၄ စင်တီမီတာ (၉ လက်မ) ခန့်သာလိုတော့ကြောင်း သိရသည်။

မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံပြည်သူများက ကုန်းမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေကြရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မြစ်ကမ်းနားကဟာလေးတွေဝင်နေပြီလေ။ မြေနိမ့်ပိုင်းက ရေမလွတ်တဲ့အိမ်တွေရွှေ့နေကြပြီ။ ကယ်ဆယ်ရေး စခန်းမျိုးလည်း ဒီဘုန်းကြီးကျောင်းတွေမှာဖွင့်ထားပေးတယ် အဲဒီကိုရွှေ့နေကြတယ်” ဟုဆိုသည်။

ဗန်းမော်မြို့ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ယနေ့ မွန်းလွှဲ ၂ နာရီခွဲအချိန်တိုင်းထွာချက် အရ ၁၁၂၆ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ခွန်သာ၊ တပ်ကလေး၊ မြေနုနှင့် လက်ပံတန်းစသည့်ရပ်ကွက်များမှဒေသခံပြည်သူများ ရွှေ့ပြောင်းနေကြခြင်းဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေအနည်းငယ်ကျလာသောကြောင့် ဗန်းမော်မြို့တွင် မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ယနေ့ညပိုင်းတွင် စိုးရိမ်ရေအမှတ်သို့ကျော်လွန်ရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြစ်ကြီးနားမြစ်ရေက ကျွန်တော်တို့ဆီကို တဖြည်းဖြည်းနဲ့ အထက်ကဆင်ဘိုမြစ်ကျဉ်းကခံနေတော့ တအိအိနဲ့ တဖြည်းဖြည်းတက်နေတာ။ တစ်နာရီကို ၄ စင်တီမီတာ ၅ စင်တီမီတာနှုန်းနဲ့တက်နေတယ်။ ဒီညလောက်ဆို စိုးရိမ်ရေအမှတ်ကိုရောက်နိုင်တာပေါ့။ မြေနိမ့်ပိုင်းရော၊ အန္တရာယ်ရှိတဲ့နေရာရော ရှောင်ရှားရမှာပေါ့” ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဗန်းမော်မြို့ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် အထက် ၃၈ စင်တီမီတာ ( ၁ ပေကျော်) အထိရောက်ရှိခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံ ၁၆၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

မြစ်ကြီးနားမြို့တွင် နှစ်ပေါင်း ၂၀ အတွင်း ယမန်နေ့ညက ၁၄၀၄ အဆိုးဆုံးရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ ရေအနည်းငယ်ပြန်ကျလာပြီး ဗန်းမော်မြို့မြစ်ရေ ဆက်တက်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ အချက်လက်များအရသိရသည်။

သတင်း – Thu Ta

ပုံ – ဗန်မော်မြို့ရှိ ရေဝင်ရပ်ကွက်အချို့ စတင်ရွှေ့ပြောင်း (ဓါတ်ပုံ – မိုးစက်ပွင့် လူမှုကူညီရေးအသင်း)

သင့်ထင်မြင်ချက်ရေးပေးပါ