ဖားကန့်မြို့တွင် ရေကြီးရေလျှံမှုကြောင့် စက်သုံးဆီဆိုင်နှင့် နေအိမ်အချို့ ရေစီးနှင့်အတူ မျောပါသွားပြီး ရေဘေးဒုက္ခသည်များအတွက်လည်း အကူအညီများလိုအပ်နေကြောင်း သိရသည်။

ယမန်‌နေ့မွန်းလွှဲပိုင်းမှစတင်ကာ ဥရုချောင်းရေလျှံလာပြီး ရေစီးအလွန်သန်သောကြောင့် နေအိမ်၊ ဆိုင်ကယ်နှင့် အိမ်စီးကားများမျောပါသွားခြင်းဖြစ်သည်ဟု အသက် ၃၂ နှစ်အရွယ် လုံးခင်းကျေးရွာနေအမျိုသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကုမ္ပဏီကရေတွေနဲ့ရောပြီး စီးချလာတာဟုတ်တယ်။ ကမ်းပါးတွေလည်းပြို၊ လူနေအိမ်တွေလည်း ရေထဲပါတဲ့ဟာ ပါကုန်ပြီ။ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေလည်း ရေထဲပါသွားတယ်။ လောလောဆယ် ရေလွတ်တဲ့ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာနေနေကြရတယ်” ဟုပြောသည်။

အောင်ရာကျေးရွာနှင့် ကထန်မှော်တို့တွင် ရေစီးအလွန်သန်ကြောင်း သူကပြောသည်။

လုံးခင်းအုပ်စု၊ အောင်ရာကျေးရွာရှိ ကောင်းပြည့်စက်သုံးဆီဆိုင် ရေစီးနှင့်အတူမျောပါသွားခြင်းဖြစ်ပြီး သစ်ပင်၊ သစ်ကိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများလဲကျခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသူများစွာရှိပြီး အရေးပေါ်အကူအညီများလည်း လိုအပ်ကြောင်း အသက် ၂၆ နှစ်အရွယ် ငှက်ပျောတောရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရေကြီးတာကတစ်နေရာထဲမဟုတ်တော့။ ရေဘေးရှောင်တဲ့သူတွေကလည် နေရာတိုင်းမှာရှိတာပေါ့။ ရေက နည်းနည်းတော့ကျသွားပြီ အကူအညီတွေလည်း လိုအပ်ပါတယ်။ ဘယ်လိုဖြစ်မလဲစိုးရိမ်နေကြရတယ်” ဟုပြောသည်။

ယမန်နေ့ည ၇ နာရီခန့်က ရေးဘေးကြောင့် တိမ်းရှောင်နေကြစဉ် စက်လှေမှောက်သဖြင့် အသက် ၃၅ နှစ်ခန့်အရွယ် ဒေါ်မိုးအေးဆိုသူပျောက်ဆုံးခဲ့ပြီး လက်ရှိအချိန်ထိလည်း ရှာမတွေ့သေးကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်မိုးရာသီတွင် မြေပြိုခြင်း၊ ချောင်သန့်ရှင်းရေးကောင်းစွာမလုပ်နိုင်သဖြင့် ရေကြီးရေးလျှံခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး နွံကန်ပေါက်ကျခဲ့သဖြင့် မြေစာပုံအနီးရှိမိုးကာတဲအလုံး ၂၀ ထက်မနည်း ရေထဲနစ်မြှုပ်ခဲ့ရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ