လားရှိုးမြို့နယ်အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA တပ်က ယမန်နေ့ည ၁၀ နာရီခန့်မှ စတင်တိုက်ခိုက်နေပြီး ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေသဖြင့် မြို့အတွင်းဒေသခံပြည်သူအချို့ပိတ်မိနေသည့်အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမွှာကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသမီး တစ်ဦးက The 74 Media ကို ပြောသည်။

“မြို့ပတ်ပတ်လည်မှာရှိတဲ့ရွာတွေအကုန်လုံးမှာဖြစ်နေတာဆိုတော့ ထွက်ပေါက်လည်းမရှိတော့ဘူး ပိတ်မိနေပြီ။ မြို့ထဲလက်နက်ကြီးအိမ်ပေါ်လာကျလို့ တစ်အိမ်လုံးပါကုန်လို့ လူတွေအများကြီးသေကြတယ်။ အီနိုင်းရွာလည်း အိမ်တွေမီးလောင်တာနဲ့ တရုတ်ကျောင်းဆောင်လည်းမီးခိုးတွေထွက်နေပြီး ဘုန်းကြီးကျောင်းလည်း ထိသွားပြီတဲ့။ ရွာနားက နားဟရွာလည်း မီးခိုးတွေအရမ်းထွက်နေတယ်” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော လားရှိုးမြို့၊ ရပ်ကွက်(၁) သာယာကုန်းလမ်းရှိ နေအိမ်တစ်အိမ်တွင် အသက် ၁၄ နှစ်အရွယ် အမွှာနှစ်ဦးအပါအဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း လားရှိုးမြို့အနီးရှိ မန်ဆန်ရေကျရွာ၊ နမ့်ပေါင်ရွာ၊ နမ္မရွာနှင့် နောင်မွန်ကျေးရွာတို့တွင် တိုက်ပွားပြင်းထန်နေသည်။

ပြည်သူထိခိုက်သေဆုံးမှုများစွာရှိနေပြီး စစ်ကောင်စီဗျူဟာကုန်းမှာလည်း မြို့အတွင်းရှိနေသောကြောင့် မြို့ခံများက လက်နက်ကြီးထိမှန်မည်ကိုစိုးရိမ်နေသည်ဟု လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ကွက် (၁) က ဗျူးဟာကုန်းစစ်တပ်ကြီးနဲ့ ကပ်ရပ်ရှိနေတော့ ရွာပြင်ဘက်ကပစ်လိုက်တဲ့လက်နက်ကြီး လာကျတာကဖြစ်နိုင်ချေပိုများတယ်။ စစ်တပ်ထဲကိုလည်း လက်နက်ကြီးသုံးကြိမ်ပစ်ထည့်ခံရတယ်ဆိုတော့လေ။ မြို့ပြင်ဘက်ကတော့ ပြောမနေနဲ့တော့ ဒရုန်းတွေဝဲနေတာပဲ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများစွာရှိပြီး ပြည်သူထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်သေးပါ။

လားရှိုးမြို့အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပါတ်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ကြား စစ်ရေးတင်းမာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မြို့အဝင်အထွက် လမ်းအချို့ကို ကျင်းတူးကာဖြတ်သန်းသွားလာမရအောင်ပြုလုပ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် ၁၀၂၇ စစ်ဆင်ရေးရပ်နားခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် အင်အားတိုးချဲ့မှုများပြုလုပ်ခဲ့ပြီးနောက် ယခုပတ်မှစတင်ကာ စစ်ဆင်ရေးဒုတိယအကြိမ်ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ