မိုးကောင်းမြို့ရှိ ချောင်းနှစ်ခုလုံး ယနေ့ နံနက် ၉ နာရီခန့်ကစတင်ကာ ရေမြင့်တက်လာသောကြောင့် ရေဝင်ရောက်သည့် မြေနိမ့်ပိုင်းရပ်ကွက်မှ ဒေသခံအချို့တိမ်းရှောင်နေကြကြောင်းသိရသည်။

နန့်ရင်းချောင်းနှင့် မိုးကောင်းချောင်းရေမြင့်တက်လာပြီး ရေဝင်လာသောကြောင့် အနိမ့်ပိုင်းတွင်နေထိုင်သူအချို့ မြို့ပေါ်ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများသို့ ပြောင်းရွှေ့နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုမနက်ပိုင်းမှတက်လာတာပေါ့ ဆည်ရေကျော်ပုံရပါတယ်။ အရင်လယ်ကွက်ပေါ်မှာဆောက်ထားတဲ့ အိမ်တွေကတော့ ရေဝင်တာပေါ့။ အဲဒါတွေတော့ရွှေ့ပြောင်းရတာပေါ့။ အခုမနက်ပိုင်းမှဖြစ်တာဆိုတော့ အနိမ့်ပိုင်းမှာရှိတဲ့ ဆယ်အိမ်လောက်ပါပဲ” ဟုဆိုသည်။

မြို့ဦးရပ်ကွက်နှင့် နောင်ကိုင်တော်ရပ်ကွက်မှ အိမ်ထောင်စုအချို့ ပြောင်းရွှေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ခြင်းဖြစ်ပြီး နှစ်စဉ်နီးပါးချောင်းရေလျှံမှုဖြစ်လေ့ရှိကြောင်း ဒေသခံအခြားတစ်ဦးကဆိုသည်။

“ပြောရမယ်ဆိုရင်တော့ မိုးကောင်းမြို့ကလည်းနှစ်စဉ်နှစ်တိုင်း ဒီလောက်ကတော့ဖြစ်တတ်တဲ့အခါကျတော့ သိပ်သတိမထားကြတော့ပါ။ ကျွန်တော်တို့က ဒယ်အိုးမြို့ဆိုတော့ သဘာဝကိုတော့မလွန်သေးဘူးပေါ့။ ထုံးစံအတိုင်းလေးတော့ဝင်နေပြီ” ဟုဆိုသည်။

မိုးကောင်းမြို့သည် ကာမိုင်းမြို့ဘက်မှစီးဆင်းလာသည့် မိုးကောင်းချောင်းနှင့် မိုးညှင်းမြို့ဘက်မှလာသော နန့်ရင်းချောင်းတို့ဆုံရာမြို့ဖြစ်ပြီး ချောင်းနှစ်ခုလုံးရေမြင့်တက်ချိန်တွင် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်လေ့ရှိကြောင်းသိရသည်။

အဆိုပါချောင်းနှစ်ခုလုံး၏ စိုးရိမ်ရေအမှတ်မှာ ၆၀၀ စင်တီမီတာဖြစ်ပြီး မြို့နယ်မိုးဇလ၏ ယနေ့ နံနက် ၉ နာရီခွဲ အချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ‌ကြောင်း သိရသည်။

သတင်း – Thu Ta
ဓါတ်ပုံ – ဝင်းနိုင်၊ ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ