ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနား – ပူတာအိုလမ်း နေရာအများအပြားတွင် မြေပြိုခြင်း၊ တံတားပျက်စီးခြင်းတို့ကြောင့် ဖြတ်သန်းသွားလာရ ခက်ခဲနေပြီး လမ်းတွင်ပိတ်မိနေသူများလည်း
ရှိကြောင်း သိရသည်။

မြစ်ကြီးနားနှင့် တီယန်ဇွပ်ကျေးရွာကြားရှိ အင်ဆွပ်တံတားရေကြီးချိန် ကျိုးကျပျက်စီးသွားသဖြင့် ဖြတ်သန်းသွားလာမရတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖုန်အင်အထိသွားလို့ရသေးတယ်၊ ဟိုဘက်ကတော့ စက်လှေနဲ့ပဲသွားလို့ရတော့တယ်။ ဝေရှီကျေးရွာကျော်ရင်ရောက်ပြီ အဲ့တံတား။ မနေ့ကလည်း တီယန်မှာမြေပြိုလို့ အိမ်ပါသွားတာကို ကြည့်တဲ့အိမ်ပိုင်ရှင်တစ်ယောက်သွေးတိုးပြီးသေသွားပြီ။ အခုသူ့သားတွေသွားတာတောင် အရေးပေါ်မို့လို့ စက်လှေနဲ့လာကြိုပေးတာဟုတ်တယ်” ဟုပြောသည်။

လက်ရှိတံတားကျိုးနေသောနေရာမှာ မြစ်ကြီးနားမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင်ဖြစ်ပြီး တီယန်ဇွပ်ကျေးရွာရှိ ခရီးသွားကားများရပ်နားလေ့ရှိသော စားသောက်ဆိုင်တန်းလည်း ပြိုကျပျက်စီးသွားကြောင်း သိရသည်။

လူသေမှုနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထို့အပြင် အင်ဂျစ်ကျေးရွာအနီးတွင်လည်း မြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကာလမ်းပျက်စီးသွားကြောင်း အင်ဂျစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုအဲ့နေရာက တောင်ကနေပြိုလာတာမဟုတ်ဘူး မြစ်ရေတိုးလာတော့ လမ်းပေါ်ရောက်လာတာ။ အဲ့ဒါကြောင့်ကတ္တရာလမ်းပါသွားတာဟုတ်တယ်။ အသေးစိတ်က မသိရသေးဘူး” ဟုပြောသည်။

တီယန်ဇွပ်နှင့် ဆွမ်ပရာဘွမ်ကြားရှိ တံတားတစ်စင်းလည်း တံတားအနီးရှိ ချဉ်းကပ်မြေသားပြိုကျသွားသောကြောင့် လမ်းအလယ်မှာပိတ်မိနေခြင်းဖြစ်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

“တနင်္ဂနွေနေ့မှာ တခြားဂိတ်ကကားတွေလည်းတက်သွားတာတီယန်ဇွပ်ပဲရောက်သေးတယ် ရှေ့မှာက လမ်းတွေပြိုတယ်။ သစ်ပင်တွေကျိုးတယ်။ မြေသားကပ်နေတဲ့နေရာတွေမှာ ရေတိုက်စားသွားလို့ ပါသွားပြီးချိုင့်ခွက်ဖြစ်နေတာ။ တန်ဂျာတံတားလည်း အဲ့လိုပဲ။ တီယန်ဇွပ်ကနေ ပြန်ခေါက်တဲ့ကားတွေလည်း မြေပြိုလို့မြစ်ကြီးနားမရောက်ဘူး ပိတ်မိနေတယ်” ဟုပြောသည်။

ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ရေလွှမ်းဒဏ်ခံခဲ့ရပြီးနောက် မလိခမြစ်ကြောင်းတစ်လျောက်နှင့် ဧရာဝတီမြစ်တွင် စိုးရိမ်ရေမှတ်ကျော်လွန်သည်အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတွင် နေရာကွက်ကြားမိုးရွာသွန်းနေသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ကလည်း မဆွန်ဇွပ်နှင့် တန်ဂျာကျေးရွာကြား၊ ကျောက်ရေတွင်းအနီးတွင် တောင်ပြိုခဲ့သောကြောင့် သုံးရက်ကြာ ယာယီလမ်းပိတ်ခဲ့သည်။

သတင်း – Sin Li, Dureng

သင့်ထင်မြင်ချက်ရေးပေးပါ