မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့် ရပ်ကွက်အားလုံး လျှပ်စစ်မီးပုံမှန်အတိုင်းရရှိနိုင်ရန် ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးကြောင်း သိရသည်။
ရပ်ကွက်အချို့တွင် ယနေ့မှစတင်ကာ မီးရရှိနေသော်လည်း ရေနှစ်မြုပ်သွားသောရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းများကို သေချာစစ်ဆေးပြီးမှသာ မီးပေးနိုင်မည် ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မီးကရေကြီးပြီးတော့ အားလုံးမြုပ်သွားတဲ့အခါမှာကျတော့ မီးကတစ်ခါတည်းပြန်လွတ်လို့မရဘူး။ ပြည်သူတွေရဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေအတွက်ကြည့်ရတယ်။ ရေမြုပ်သွားတဲ့ မီတာဆိုလည်း ကျွန်တော်တို့ ပေးလို့မရပါဘူး ရှော့ဖြစ်တက်တယ်။ အဲ့လိုထရန်စဖော်မာတွေ မီတာတွေ အားလုံးကိုစစ်ပြီးမှပဲ ပြန်ပြီးမီးလွတ်လို့ရပါတယ်။ အဲ့တာကို တချို့တွေက ကျွန်တော်တို့ကမီးရတယ် မရဘူးဆိုပြီးတော့မှ ပြဿနာလေးတွေတက်နေတာပါ” ဟုပြောသည်။

လက်ရှိအချိန်တွင် ချီဖွေလျှပ်စစ်စက်ရုံမှ မီးရရှိနိုင်ခြင်းမရှိဘဲ နိုင်ငံတော်ဓာတ်အားပေးလိုင်းတစ်ခုသာ ရရှိနိုင်သေးသောကြောင့် အလှည့်ကျမီးပေးနိုင်ခြင်းမရှိကြောင်းသိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် မီးပုံမှန်အတိုင်းရရှိနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပြီး ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးသည်ဟူ သူကဆိုသည်။

“မီးပုံမှန်အတိုင်းလာဖို့တော့ တော်တော်လေးတော့ အချိန်ယူရမယ်ဗျာ၊ အားလုံးသိတဲ့အတိုင်းပဲ ရေကျန်သေးတယ်။ တချို့နေရာမှာတွေ သွားလို့လာလို့မရသေးတဲ့ အနေအထားမှာ ကျွန်တော်တို့ဓာတ်အားလိုင်းက ပြင်လို့ရမယ်မရဘူးဆိုတဲ့ အပိုင်းလည်းရှိမယ်ပြီးတော့မှ ထရန်စဖော်မာတွေကို ဖြုတ်စစ်ရမယ်၊ အားတွန်ခွန်စိုက်နဲ့ ကြိုးစားပမ်းစားလုပ်မှ တစ်ပတ်ဆယ်ရက်အတွင်း မီးပုံမှန်ပြန်ပေးနိုင်မယ့် အနေအထားရှိပါတယ်။ လောလောဆယ်ကျွန်တော်တို့က ရပ်ကွက်တွေကို မီးပေးလို့ရအောင် ဒီနေ့စလုပ်နေပါတယ်” ဟုပြောသည်။

ပျက်စီးသွားသည့်ပမာဏနှင့် ကျွမ်းကျင်လုပ်သား မမျှတသည့် အခက်ခဲများရှိနေသော်လည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟု သူကဆိုသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ညမှစတင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်ကာ မြို့အတွင်းရှိ ရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကို ရေဝင်ရောက်ခဲ့သည်။

ဘူးဂါးလျှပ်စစ် ကုမ္ပဏီသည် KIO/KIA ၏ စီးပွားရေးဌာနမှ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ ရေအားလျှပ်စစ် စက်ရုံနှစ်ရုံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့နယ်တွင် ဘူးဂါးကုမ္ပဏီမှ လျှပ်စစ်မီတာ အသုံးပြုသည့် အိမ်ထောင်စု စုစုပေါင်း ငါးသောင်းကျော်ခန့်ရှိကြောင်း သိရသည်။

သတင်း – Dureng
ဓါတ်ပုံ – ESE Hpakhant

သင့်ထင်မြင်ချက်ရေးပေးပါ