ဗန်းမော်မြို့ဧရာဝတီမြစ်ရေမှာ အန္တရာယ်ရေအမှတ်သို့နီးကပ်နေပြီးရေဆက်လက်မြင့်တက်နေကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၂ ပေအကျော် (၁၂၃၁ စင်တီမီတာ) သို့ ရောက်ရှိနေပြီး ယနေ့ညပိုင်းတွင်လည်း ရေဆက်လက်မြင့်တက်နေဦးမည်ဟု တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လောလောဆယ်အထိတော့ အကျတော့မရှိသေးဘူး။ ကျွန်တော်တို့ဗန်းမော်ကကျတော့ တက်ပြီးတော့ ချက်ချင်းကြီးမကျဘူး။ ငြိမ်နေတာကို ၂၄ နာရီလောက်ကြာတယ် အခါတိုင်းနှစ်တွေကဆိုရင်။ အခုကတော့ အောက်ရေထောက်မထောက်ကတော့ ချင်းတွင်းမြစ်ရေနဲ့လည်းဆိုင်တာပေါ့။ လောလောဆယ်တော့ ဖြည်းဖြည်းချင်းတက်နေတယ်” ဟုဆိုသည်။

ဗန်းမော်မြို့ ဧရာဝတီမြစ်အန္တရာယ်ရေအမှတ်မှာ ၁၂၄၅ စင်တီမီတာဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲအချိန်တိုင်းတာချက်အရ ၁၄၀၀ စင်တီမီတာသို့ရောက်ရှိနေသည့်အပြင် လက်ရှိအချိန်ထိ တရိပ်ရိပ်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ကမ်းအနီး မြေနိမ့်ပိုင်းရပ်ကွက်မှ ဒေသခံများမှာ ဇူလိုင်လ ၁ ရက်နေ့မှစတင်တိမ်းရှောင်နေကြပြီး အချို့ရေကျမည့်အချိန်ကိုစောင့်ဆိုင်းကာ နေအိမ်တွင်ရှိနေကြဆဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ဒီနေ့တော့ သိပ်မရှိဘူးရွှေ့တာ။ အိမ်ပေါ်မှာတွေပဲနေနေကြတာ။ မနက်ဖြန်လောက်ဆိုရင်ရေက ကျမယ့်သဘော ဖြစ်နေတယ်။ တိုးတဲ့အရှိန်နည်းနည်းလျော့သွားပြီ” ဟုဆိုသည်။

မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ခွန်သာ၊ တပ်ကလေး၊ မြေနုနှင့် လက်ပံတန်း စသည့်ရပ်ကွက်များမှ ကျန်ရှိနေသေးသည့်ဒေသခံပြည်သူအချို့ ဆက်လက်ပြောင်းရွှေ့နေကြသည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေကျလာသည့် ဇူလိုင်လ ၂ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့တွင် ရေမြင့်တက်ခဲ့ပြီး ယနေ့ညပိုင်းတွင်လည်း ဆက်တက်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ အချက်လက်များအရသိရသည်။

မြစ်ကြီးနားမြို့မြစ်ရေမှာ ဇူလိုင်လ ၁ ရက်နေ့ညသန်းခေါင်ယံအချိန်က စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ၁၄၀၆ စင်တီမီတာအထိရောက်ရှိခဲ့ပြီးနောက် ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေကျသွားခြင်းဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်အချို့တွင် လက်ရှိအချိန်ထိ ရေဝပ်နေဆဲဖြစ်သည်။

သတင်း – Thu Ta
ဓါတ်ပုံ – သုညသုခပရဟိတအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ