ဗန်းမော်မြို့တွင် စစ်ဘေးရှောင်ပြည်သူ များပြားနေခြင်းကြောင့် ရေဘေးရှောင်များအတွက် နေရာထိုင်ခင်း မလုံလောက်သည့်အခက်ခဲကြုံနေရကြောင်းသိရသည်။

နေရာထိုင်ခင်းမလုံလောက်သောကြောင့် လမ်းဘေးရေလွတ်ရာနေရာများတွင် ပြောင်းရွှေ့နေထိုင်နေရသူများလည်းရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“တချို့ကစာသင်ကျောင်းတွေမှာနေကြတယ်။ ဘုန်းကြီးကျောင်းတွေအများစုကလက်မခံကြဘူးတဲ့။ စစ်ရှောင်နဲ့တောင် ပြည့်နေတာတဲ့။ ခုမနက် ကမ်းနားဘက်ကဖြတ်ခဲ့တာ လမ်းဘေးထိုင်နေကြတာတွေ့တယ် အထုပ်လေးတွေနဲ့။ စိတ်မကောင်းဘူး” ဟုဆိုသည်။

လက်ရှိ ဗန်းမော်မြို့တွင် ရေဘေးကြောင့်တိမ်းရှောင်နေရသူ တစ်ထောင်ကျော်ခန့်ရှိသည်ဟု ခန့်မှန်းကြောင်း တာဝန်ရှိသူများထံက သိရပြီး စာရင်းအတိအကျကောက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရေဘေးရှောင်များကို မြို့ပေါ်ရှိစာသင်ကျောင်းများတွင်နေရာချထားပေးသောကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“နေနေရတဲ့အခြေနေကတော့ ခက်ခက်ခဲခဲပါပဲ။ တချို့တောင်နေရာမရကြဘူးပေါ့။ တချို့အဲဒီမှာဆိပ်ကမ်း ဘေးနားမှာ လမ်းဘေးမှာတွေ နေရတယ်။ သေချာချထားဖို့နေရာမရှိဘူးဖြစ်နေတယ်။ တချို့ကတော့ လိုက်ပြီးမှ ထမင်းထုတ်တွေဘာတွေ ဝေပေးတာတော့လုပ်တယ်။ ကယ်ဆယ်ရေးတွေကြတော့ မီးသတ်တွေ၊ ပရဟိတအဖွဲ့ တွေကတော့ ကယ်ဆယ်ကူညီရေးတွေတော့ လိုက်လုပ်ပေးနေကြတာဟုတ်တယ်” ဟုဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ တိုင်းထွာချက်အရ ဗန်းမော်မြို့ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ၃ ပေ နီးပါး (၁၂၇၀စင်တီမီတာ) သို့ ရောက်ရှိနေပြီး အတက်နှုန်းနှေးလာသော်လည်းတစ်နာရီလျှင် ၁ စင်တီမီတာ နှုန်းဖြင့် အနည်းငယ်တက်နေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေကျလာသည့် ဇူလိုင်လ ၂ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့တွင် ရေမြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်ထိ ဆက်လက်မြင့်တက်နေသောကြောင့် ပိတ်မိနေသူအချို့ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta
ဓါတ်ပုံ – သုညသုခလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ