ဖားကန့်မြို့ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများလိုအပ်နေကြောင်းသိရသည်။

ဥရုချောင်းရေကြီးချိန်က ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်အဆောက်အဦးများရှိသောကြောင့် အကူအညီများလိုအပ်နေခြင်းဖြစ်သည်ဟု ဆိပ်မူကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရေတိုက်စားထားတော့ ဓါတ်တိုင်တွေလည်း အကုန်လဲ၊ ပြန်ပြင်နေတယ်လို့ပြောတာပဲ ဒီကြားထဲမီးပြန်လာဖို့က မဖြစ်နိုင်သေးဘူး။ အဓိကတော့ ကလေးတွေ စာသင်နေတဲ့ စာသင်ကျောင်းတချို့ရေမြုပ်သွားတာရှိတယ်လေ အဲ့နေရာတွေမှာ ဝိုင်းကူညီပေးစေချင်တယ်။ အဲ့ဒါမှ ကလေးတွေစာမြန်မြန်သင်နိုင်မှာ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ လုံးခင်းကျေးရွာ၊ မဇွပ်ယန်၊ ခေါင်းဆုံ၊ နမ္မဖြစ်၊ ဆိပ်မူ၊ ငှက်ပျောတောနှင့် မြို့မရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ရေကျသွားချိန်တွင် တင်ကျန်ခဲ့သည့် အမှိုက်များနှင့် နေအိမ်များတွင်ဝင်နေသည့် ရွံ့နှင့် နုန်းမြေများကို သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု အသက် ၄၇ နှစ်အရွယ် အေးမြသာယာနေ အမျိုးသမီးတစ်ဦးကပြောသည်။

“သန့်ရှင်းရေးတွေက လုပ်တော့လုပ်နေကြပြီ တချို့လူမရှိလို့ မလုပ်နိုင်သေးတဲ့အိမ်တွေလည်း ရှိနေသေးတယ်။ လမ်းဘေးအိမ်တွေဆို သူတိုရဲ့အိမ်ရှေ့တွေကအစ ကျန်ခဲ့တဲ့နုန်းတွေကိုရေဆေးချပေးနေကြတာတွေ့တယ်။ အခုကပါဝင်ကူညီလုပ်အားပေးမဲ့ ပရဟိတတွေလိုအပ်နေပါတယ်” ဟုပြောသည်။

ရေဝင်ရောက်ချိန်က အောင်ရာကျေးရွာနှင့် ကထန်မှော်တို့တွင် ရေစီးအလွန်သန်သောကြောင့် စက်သုံးဆီဆိုင်၊ နေအိမ်၊ ဆိုင်ကယ်နှင့် အိမ်စီးကားအချို့ ရေစီးနှင့်အတူမျောပါသွားပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်တွင်လည်း စက်လှေတိမ်းမှောက်ခဲ့သောကြောင့် အသက် ၃၅ နှစ်အရွယ် ဒေါ်မိုးအေးဆိုသူ ပျောက်ဆုံးခဲ့သည်။

ထို့အပြင်ရုတ်တရက်ချောင်းရေမြင့်တက်ခဲ့သောကြောင့် အချိန်မှီသိမ်းဆည်းနိုင်ခဲ့ခြင်းမရှိသည့် ပစ္စည်းများဆုံးရှုံးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဥရုချောင်းတွင် မြေစာသွန်ခြင်း၊ မျောတိုက်ခြင်းနှင့် ချောင်သန့်ရှင်းရေးကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် နှစ်စဉ်မိုးရာသီရောက်ရှိပါက ကျေးရွာအတွင်း ရေကြီးရေလျှံမှုနှင့် ကြုံနေရပြီး ဒေသခံပြည်သူ ၂၀၀၀ ခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်ရလေ့ရှိသည်။

ဖားကန့်မြို့၊ ဖားပြင်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နွံကန်ပေါက်ကျကာ မြေစာပုံအနီးရှိမိုးကာတဲအလုံး ၂၀ ထက်မနည်း ရေထဲနစ်မြှုပ်ခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်းနေပြီး ရေကြီးရေလျှံခဲ့သောကြောင့် ပူတာအို၊ မချမ်းဘော့၊ ချီဖွေ၊ တနိုင်၊ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူတို့မှ ဒေသခံပြည်သူများ ရေဘေးဒဏ်ကြုံခဲ့ရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ