ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ၂၁ ယနေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင်ကျရောက်သည့် စ.က.ခ (၂၁) တပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ဌာနချုပ်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်ထောက်ပေါ့ ၄၀ သီး ၁၀ လုံးပစ်လိုက်တယ်။ သူတို့စစ်တပ်ရဲ့ နှစ်ပတ်လည်နေ့လို့ပြောတယ်ဒီနေ့က။ သူတို့ရဲ့နှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ကအရင်ဆုံးကြိုပေးလိုက်တယ်။ အဓိကနေရာ နားကိုတော့ ကျတယ်ပေါ့နော်။ သူတို့တပ်ဝန်းထဲကိုအကုန်လုံးကျကွဲတယ်” ဟုပြောသည်။

KPDF တပ်ဖွဲ့ဝင်များပစ်ခတ်လိုက်သည့်လက်နက်ကြီးမှာ စစ်ကောင်စီ၏ စကခ (၂၁) တပ်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟုသိရသော်လည်း ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို မသိရှိရသေးပါ။

စ.က.ခ (၂၁) ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ စင့်ကင့်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၀ လုံးထက်မနည်းပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။

“ပစ်တာတော့ပစ်နေကြတယ်။ ဘယ်ကနေဘယ်လိုပစ်နေကြလဲတော့မသိဘူး ရေတွေကကြီးနေတဲ့အခါကျတော့။ လွန်ခဲ့တဲ့နှစ်နာရီလောက်ကနေ စကြားနေရတယ်။ အခုတော့မကြားရတော့ဘူး” ဟုဆိုသည်။

ထို့အပြင် ယမန်နေ့ည ၈ နာရီခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က စင့်ကင်ကျေးရွာသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နေအိမ်အချို့ထိမှန်ပျက်စီးမှုများရှိကြောင်း သိရသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ရှော့ခ်တိုက်ဒုံးများအပါအဝင် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကပစ်ခတ်တိုက်ခိုက်မှုတွင် တင့်ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta
ပုံ – အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ