ဧရာဝတီမြစ်ရေကြီးချိန် ကူညီကယ်ရေးဆောင်လုပ်ဆောင်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသပေးရန် ဆေးဝါးမလုံလောက်မှုကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်း ကူညီကယ်ဆယ်ရေးပြုလုပ်စဉ် ထိရှဒဏ်ရာရရှိခဲ့သူများကို ကုသပေးရန် ဆေးဝါးမလုံလောက်ခြင်းဖြစ်သည်ဟု ကူညီဆောက်ရွက်ပေးနေသည့် ဆရာမတစ်ဦးက The 74 Media ကိုပြောသည်။

“ကယ်ဆယ်ရေးလုပ်တော့ ခြေလက်တွေမှာ ထိရှဒဏ်ရာရတာအများကြီးရှိတယ်။ အသင်းတော်ဆေးခန်းမှာ ယူထားတဲ့ မေးခိုင်ဆေးတော့ကုန်သွားပြီ။ ဆေးခန်းမှာဆေးတွေ လောက်ငှမှုမရှိတော့ဘူး။ လိုအပ်နေပါတယ်။ အစားအသောက်လည်း ကောင်းကောင်းမကျွေးနိုင်ဘူး၊ ရေလည်းမကျသေးသလိုကယ်ဆယ်ရေးနဲ့ သန့်ရှင်းရေးတွေလည်း ဆက်တိုက်တတ်နိုင်သလောက်တော့ လုပ်နေပါတယ်” ဟုဆိုသည်။

ရပ်ကွက်အတွင်းရှိ လူငယ်နှင့် လူလတ်ပိုင်းအရွယ် အမျိူးသား ၅၀ ခန့်ကို စခန်းသွင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပုလင်းကွဲများနှင့် အခြားအရာဝတ္ထုများဖြင့်ထိရှ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေကြီးချိန်တွင် မန်ခိန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမျှောပါသွားပြီး အချို့အိမ်များ တိမ်းစောင်းသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

“အိမ်လိုက်မျောသွားတာတော့ တစ်အိမ်ပဲ။ ကျန်တဲ့ဟာတွေရေစီးကြောင်းမှာကျတဲ့နေရာဆိုရင် အိမ်စောင်းသွားတဲ့ဟာတွေရှိတယ်။ ပြီးရင်တချို့ကတော့ သွပ်မိုးမိုးထားတဲ့တိုင်သိပ်မကြီးတာအဲဒီလိုမျိုးဆိုရင်တော့ မျောသွားတာ အဲဒီလိုမျိုးရှိတယ်” ဟုဆိုသည်။

ထို့အပြင် ရေလွှမ်းမိုးမှုကြောင့် တွင်းရေများသောက်သုံးမရခြင်းအပြင် အစားအသောက်နှင့် သောက်သုံးရေအတွက်လည်း အခက်ကြုံနေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်ကျဆင်းနေပြီဖြစ်သော်လည်း မန်ခိန်ရပ်ကွက် မြေနိမ့်ပိုင်းနေရာများတွင် ရေဝပ်နေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ညမှစတင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြို့အတွင်းရှိ ရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကို ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြစ်ရေမှာဇူလိုင်လ ၁ ရက်နေ့ညသန်းခေါင်ယံအချိန်တွင် အမြင့်ဆုံး ၁၄၀၆ စင်တီမီတာအထိမြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းသွားခဲ့သည်။

သတင်း – Thu Ta
ပုံ – ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးချိန်

သင့်ထင်မြင်ချက်ရေးပေးပါ