တိုက်ပွဲပြင်းထန်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် လာရှိုးမြို့မှဒေသခံပြည်သူများကို စစ်ဆေးရေးဂိတ်များက ဖြတ်သန်းသွားလာခွင့်ပိတ်ထားသောကြောင့် လက်ရှိအချိန်ထိ ကားထောင်ချီပိတ်မိနေဆဲဖြစ်ပြီး ဖုန်းလိုင်းများလည်းပြတ်တောက်နေကြောင်း သိရသည်။

လူနေရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုပိုများလာသောကြောင့် ထွက်ပြေးတိမ်းရှောင်ကြသော်လည်း မြို့အထွက် မယ်ဟန်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးဂိတ်က ပိတ်ထားခြင်းဖြစ်သည်ဟု ပိတ်မိနေသူများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေလို့ ထွက်မရဖြစ်နေကြတဲ့အပြင် အဲ့ကနေထွက်နိုင်တဲ့သူတွေကလည်း မယ်ဟန်ရွာအကျော်မှာကျ ကိုးကန့်အဖွဲ့ကစုဆောင်းရေးရှိတော့ သူတို့ပြန်တားတာနဲ့ စစ်တာနဲ့ လုပ်ကြတယ်တဲ့။ ကျွန်တော်အသိတွေလည်းပိတ်မိနေကြတယ်။ မနက်ပိုင်းကအဆက်အသွယ်ရပေမဲ့ နေ့လယ်ပိုင်းကနေ အခုချိန်ထိမရတော့ဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း ရှော့ခ်တိုက်ဒုံးဟုယူဆရသည့်လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ငါးရက်အတွင်း သေဆုံးသူ ၁၇ ဦးထိရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူလည်းများစွာရှိကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများထွက်လာသောလမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အပြင် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များကလည်း တပ်သားသစ်စုဆောင်းရေးပြုလုပ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“လမ်းမှာရောက်တော့ ကိုးကန့်တပ်သားတွေက တရုတ်စကားပြောကြည့်ဆိုပြီးပြောခိုင်းတာ ကျွန်တော်တို့က တရုတ်စကားမတတ်တော့လွတ်လာပေမဲ့ တချို့တရုတ်နဲ့ တရုတ်စကားတတ်တဲ့သူတွေကတော့ ပါသွားကြတယ်။ လိုင်းပေါ်မှာသတင်းတွေထွက်နေတာက တရုတ်တွေကိုပဲစုဆောင်းတယ်ဆိုတာ မဟုတ်ဘူး တရုတ်မဟုတ်လည်း စကားတတ်တာနဲ့ပါပြီပဲ အဲ့လိုအခြေအနေဖြစ်နေတယ်” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ တစ်နေ့တခြားပိုမိုနီးကပ်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“လက်နက်ကြီးလာကျတာက တစ်နေ့တခြားအိမ်နဲ့အရမ်းနီးလာပြီး တချို့ရပ်ကွက်တွေဆို အရမ်းဆိုးတဲ့အနေအထားအထိရောက်လာတော့ လားရှိုးမြို့ပျက်တော့မယ်လို့တောင် ကျွန်တော့်စိတ်ထဲထင်နေမိတယ်။ အစကတော့ အရမ်းချစ်တဲ့ခွေးကလေးလည်းရှိနေတော့ ဘယ်သူနိုင်နိုင် မြန်မြန်ပြီးသွားရင်ပြီးမယ်အထင်နဲ့ တောင်းခံခဲ့သေးပေမဲ့ ဘယ်လိုမှမရတော့ခွေးလေးကိုလည်း ထားခဲ့ပြီးထွက်လာရတယ်” ဟုပြောသည်။

MNDAA နှင့် TNLA တပ်က ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း လူမျိုးမရွေးတပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့သောကြောင့် လက်ရှိအချိန် ဆက်သွယ်ရန်ခက်ခဲနေသည့် လားရှိုး – သီပေါလမ်းပိုင်းတွင် ပိတ်မိနေသည့်စစ်ရှောင်ပြည်သူများကို မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA နှင့် TNLA တို့က ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီ ခ.မ.ရ ၅၀၇ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

သတင်း – Zami

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ