ရေနစ်သေဆုံးသည့်တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ အရက်သောက်ရာမှ အစာအဆိပ်သင့်သဖြင့် ဝိုင်းမော်မြို့နယ်၊‌ နောင်တာလောကျေးရွာတွင် အမျိုးသားလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။နောင်တာလောအုပ်စု၊ ရပ်ကွက် (၄) ရှိ ဟိုးလော်ရွာ‌တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့က အရက်သောက်ရာမှ အစာအဆိပ်သင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှု ခံယူနေရသူများလည်းရှိသည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆရာဝန်တွေဆေးစစ်ချက်ယူတော့ အရက်ကြောင့်ဖြစ်တယ်လို့ပြောတယ်။ အခုဓာတ်ခွဲနေတယ်။ အရက်ကြောင့်လို့တော့ပြောတာပဲ သေချာတော့မသိရသေးဘူး။ သူတို့အန်တယ်၊ တစ်ခေါက်၊ နှစ်ခေါက် ဝမ်းသွားတယ်။ မျက်စိတွေဝါးလာတယ်၊ မှုန်လာတယ်၊ အသက်ရှုမဝတာတွေဖြစ်တယ်တဲ့။ တချို့အရက်ဝယ်ပြီးတခြားနေရာမှာ သောက်တာက မြစ်ကြီးနားဆေးရုံကြီးကိုတက်လိုက်ရတယ်။ အဲ့အရင်နေ့ကလည်း အဲ့လက္ခာဏာနဲ့ဆုံးသွားတာ တစ်ယောက်ရှိတယ်တဲ့” ဟုပြောသည်။

အစာအဆိပ်သင့်သူများထဲမှတစ်ဦး ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာကြောင်း သူကပြောသည်။

အရက်သောက်ကာ ရေထဲမျောပါလာသည့်ကျွဲ၊ နွားများကိုသတ်ဖြတ်စားသောက်ခဲ့သောကြောင့် အစာအဆိပ်သင့်ရာတွင် ရောဂါအခံရှိသူများကသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အခြားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရက်မှာပဲဖြစ်တာလား၊ အစာမှာပဲဖြစ်တာလား၊ ရေမှာပြဿနာဖြစ်တာလား သေချာတော့မသိရဘူး။ ဒါတောင် အမည်မပေါက်ပဲသေတာရှိသေးတယ်။ ဆီးချို၊ သွေးချိုတို့ သွေးတိုးတို့ရှိတဲ့သူတွေ သေသွားတာများတယ်” ဟုပြောသည်။

အစာအဆိပ်သင့်သူ ၂၀ ဦးထက်မနည်းရှိပြီး လူလတ်ပိုင်းအမျိုးသားများဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

လက်ရှိအချိန်တွင် ဓာတ်ခွဲခန်းအဖြေမသိရှိရသေးသဖြင့် အရက်ရောင်းချပေးသည့်ဆိုင်ကို တစ်ပတ်ခန့်ပိတ်ထားကြောင်း နောင်တာလောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဓိက ရိုးရာအရက်သောက်တာ၊ အခုအဲ့ဆိုင်တွေကိုလည်းပိတ်ထားတယ်။ သူတို့ကိုလည်း ခေါ်ယူပြီးစစ်ဆေးတာတွေလုပ်တယ်။ ဓာတ်ခွဲခန်းအဖြေထွက်လာရင်တော့ တရားစွဲတာတွေ လုပ်သွားဖို့ရှိတယ်။ ဖြစ်သွားတာက ငှက်ပျောခြံဘက် ထင်းသွားဆယ်တဲ့အဖွဲ့တွေ ငှက်ပျော်ခြံမှာက ပိုးသတ်ဆေးတို့၊ ပေါင်းသတ်ဆေးတို့ဖြန်းထားတာတွေရှိတယ်လေ။ အဲ့ကရေတွေပဲသောက်မိတာလား မပြောတတ်ဘူး။ အရက်ကိုလည်းအတည်ပြုလို့မရသေးဘူး” ဟုပြောသည်။

အဆိုပါအဆိပ်သင့်သူများမှ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့ညက နှစ်ဦးသေဆုံးခဲ့ပြီး ၇ ရက်နေ့တွင် နှစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်‌နေ့က မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဇူလိုင်လ ပထမပါတ်အတွင်း ရေကြီးရေလျှံမှုဒဏ်ကိုခံခဲ့ရပြီးနောက် ရေပြန်ကျချိန်တွင် ပျက်စီဆုံးရှုံးမှုများစွာကြုံခဲ့ရပြီး စစ်ရှောင်စခန်းအချို့တွင်လည်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေသည်။

သတင်း – Doi Awng
ဓါတ်ပုံ – မြင့်မြတ်စေတနာလူမှုကူညီရေးအသင်း၊ မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ