ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်မြဝတီသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ပါ ပြဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိသောကြောင့်ဟုဆိုကာ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကိုငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

အဆိုပါပုဒ်မ ၆ တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရယူသုံးစွဲခြင်း (သို့မဟုတ်) ယင်းတို့၏ သြဇာခံယူခြင်းမပြုရေး၊ လူမျိုးရေး (သို့မဟုတ်) ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေးနှင့် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေးဟူသောအချက်များပါရှိသည်။

ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ငြင်းပယ်ခံရခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KNC ပါတီဥက္ကဋ္ဌဒေါက်တာ အမ်ကောန်လကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနစ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့သူမရှိပါ။

KNC ပါတီဥက္ကဋ္ဌဒေါက်တာ အမ်ကောန်လမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှပြန်လည်လွတ်မြောက်ခဲ့သည်။

ဒေါက်တာအမ်ကောန်လမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားလေ့ရှိပြီး တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းအရေးနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့သည့်နောက် ရက်ပိုင်းအကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒေါက်တာအမ်ကောန်လသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီအချို့မှ လူပုဂ္ဂိုလ်များနှင့် တသီးပုဂ္ဂလပြည်သူများပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) ကိုလည်း ပုဒ်မ ၅ ပါ ပြဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိဟုဆိုကာ မှတ်ပုံတင်လျှောက်ထားချက်ကို ငြင်းပယ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ပုဒ်မ ၇ ပါ ပြဌားချက်နှင့်ညီညွတ်ခြင်းမရှိဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ၏ တည်ထောင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)၊ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) လေးပါတီရှိပြီး ကျန်သုံးပါတီမှာ ပါတီမှတ်ပုံတင်ထားသော်လည်း ခွင့်ပြုမည်၊ မပြုမည်ကို မသိရသေးပါ။

သတင်း – Thu Ta

ဓါတ်ပုံ – J.M. Elizabeth (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ