ဧရာဝတီမြစ်ရေကြီးပြီးနောက် ရေနစ်မြှုပ်ခဲ့သည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် သေဆုံးနေသည့် ရုပ်အလောင်း ခုနှစ်ခုထက်မနည်းတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်အများစု ရေနစ်မြှုပ်ခဲ့ပြီးနောက် ရေကျသွားချိန်တွင် ရုပ်အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့လည်းရေကျလို့ သန့်ရှင်းရေးလုပ်ကြမှ အမှိုက်ပုံထဲမှာတွေ့တာတို့ဘာတို့ ဒါမျိုးလေးတွေပေါ့နော်။ ကျွန်တော်တို့ သိသလောက်ကတော့ခုနှစ်ဦးလောက်ရှိမယ် အလောင်းတွေ့ရှိပေါ့နော်။ ရေနစ်လို့ဆေးရုံပို့တယ် ဆေးရုံရောက်တော့ သေသွားတာအပါအဝင်ပေါ့လေ” ဟုဆိုသည်။

မြစ်ရေမြင့်တက်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း ရေနစ်သဖြင့်ဆေးရုံသို့ပို့ဆောင်စဉ် တစ်ဦးသေဆုံးခဲ့သည်ဟု လူမှုကူညီရေးအသင်းများ၏ပြောပြချက်အရသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ယနေ့ နံနက်ပိုင်းကလည်း ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားအောက်ဘက်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီမနက်တွေ့တာကတော့ ဗလမင်းထင်အောက်နားမှာပဲ။ ကျွန်တော်တို့ကောက်တာကတော့ နှစ်လောင်းရှိတယ်ဗျ။ တစ်လောင်းကလွန်ခဲ့တဲ့အပတ်၊ တစ်လောင်းက ဒီမနက်မှပဲ။ တစ်ယောက်ကတော့ ပိုင်ရှင်တွေ့တယ် စီတာပူကပဲခင်ဗျ။ အမျိုးသားတွေပဲ” ဟုဆိုသည်။

ရေနစ်သေဆုံးခဲ့သူအားလုံးနီးပါးမှာ အမျိုးသားများဖြစ်ပြီး အသက် ၃၀ နှင့်အထက် လူလတ်ပိုင်းများဖြစ်ကြောင်း လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်အရသိရသည်။

သေဆုံးနေသည့်ရုပ်အလောင်းအများစုကို ရမ်ပူရပ်ကွက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မပေါ်သေးသည့် ရုပ်အလောင်းများလည်းရှိကြောင်း အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တွေ့တာက ကြက်ပေါင်ခြံနဲ့ ရမ်ပူအစပ်တစ်လောင်း။ တစ်လောင်းက ရမ်ပူမှာ။ ရမ်ပူထဲမှာတွေကြီးပဲအကုန်လုံး။ တစ်လောင်းကပိုင်ရှင်တွေ့တာတောင်မှ လက်မှာတက်တူးထိုးထားလို့သူတို့လူ သူတို့သိတာ။ ကျွန်တော်တို့ရုံးမှာ လူပျောက်တိုင်တာလည်း လေး၊ ငါးယောက်ရှိတယ်။ တွေ့တာက တစ်ယောက်၊ နှစ်ယောက်ပဲတွေ့တာ။ ကျန်တာကပျောက်နေတယ်” ဟုဆိုသည်။

တွေ့ရှိခဲ့သည့်ပိုင်ရှင်မဲ့ရုပ်အလောင်းများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံးကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ပြီး ပိုင်ရှင်မပေါ်ပါက ဆေးရုံနာရေးအဖြစ် ရာဒါကောင်းရပ်ကွက်ရှိ သုသာန်တွင် မီးသင်္ဂြိုဟ်လေ့ရှိကြောင်း သိရသည်။

ယခုဖော်ပြခဲ့သောအရေအတွက်မှာ မြစ်ကြီးနားမြို့အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းငါးခုကို The 74 Media က ဆက်သွယ်မေးမြန်းစုဆောင်းထားခြင်းဖြစ်ပြီး ပျောက်ဆုံးသူနှင့် သေဆုံးသူအရေအတွက်မှာ မြေပြင်တွင်ယခုထက်ပိုများနိုင်သည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ ညတွင်စတင်ဝင်ရောက်ကာ စိုးရိမ်ရေအမှတ် ကျော်လွန်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အမြင့်ဆုံး ၁၄၀၆ စင်တီမီတာအထိ မြင့်တက်ခဲ့သောကြောင့် မြို့အတွင်းရှိရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကို ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အောက်ကျဆင်းနေပြီဖြစ်သော်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေဝပ်နေဆဲဖြစ်သည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ