ရေတိုက်စားခြင်းနှင့် ရေစီးနှင့်မျောပါလာသောသစ်တုံးများတိုက်မိသောကြောင့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအဝင်ရှိ နေအိမ်အလုံး ၅၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထရှင်းလင်းရေးလုပ်ဆောင်နေရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေကြီးချိန် ရေစီးနှင့်အတူမျောပါလာသည် သစ်ပင်သစ်တုံးများ ဝင်တိုက်ခဲ့သောကြောင့် နေအိမ်အများစုထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ကြီးအိမ်ကောင်းတွေကတော့ ပြားပြားဝပ်အောင် ပျက်စီးသွားတာမျိုးတော့မဟုတ်ဘူး၊ ယိုင်နဲ့သွားတာတွေ အမိုးတွေလှန်၊ ရွဲ့စောင်းကုန်တာတွေပေါ့။ တဲအိမ်တွေကတော့ ပြားသွားတာလည်းရှိတယ်။ ရေစီးနဲ့ မျော်လာတဲ့ သစ်ပင်တွေနဲ့တိုက်ပြီးအဲ့လိုဖြစ်သွားတာပေါ့” ဟုပြောသည်။

နေအိမ်ထိခိုက်ပျက်စီးခြင်းအပြင် ကျေးရွာအတွင်းရှိ ဓာတ်တိုင်များလည်းကျိုးနေသောကြောင့် လျှပ်စစ်မီးနှင့် ဖုန်း၊ အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ခတ်ချိုကျေးရွာသည် ဧရာဝတီမြစ်ကြောင်းကွေ့သောနေရာတွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ရေပြန်ကျသွားသော်လည်း ကျေးရွာအတွင်းရှိလမ်းများတွင် အပျက်အစီးနှင့် ရွံ့များရှိနေသောကြောင့် ကား၊ ဆိုင်ကယ်များသွားလာမရဘဲ ခြေလျင်သွားလာနေရကြောင်း သိရသည်။

ခတ်ချိုကျေးရွာအဝင်ရှိ နောင်မခမ်းရပ်ကွက်မှနေအိမ်အများဆုံးထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ ကျေးရွာရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးကို ဒေသခံများ ကိုယ်ထူကိုယ်ထ စတင်လုပ်ဆောင်နေကာ လူအင်အားများ အကူအညီလိုအပ်နေဆဲဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ရေခမ်းပြီးစ ရက်ကတော့ လမ်းတွေမှာရွှံ့ဒူးလောက်ရှိတယ်။ နေအိမ်တွေပျက်တာက ရွာအ၀င်ဘက်ပိုများတယ်။ ရေအရှိန်နဲ့မို့ အဲ့ဘက်ပိုင်းတော်တော်ပျက်တာ။ အိမ်အပြိုအပျက်တွေက ကိုယ်ထူကိုယ်ထ ဖြည်းဖြည်းချင်း ရှင်းနေတယ်။ အိမ်ပျက်စီးသွားတဲ့သူတွေက မပျက်စီးတဲ့ဘေးအိမ်နဲ့ အမျိုးအိမ်တွေမှာပေါင်းနေပါတယ်ဗျာ တစ်အိမ်ကို မိသားစု နှစ်စု၊ သုံးစု စုပြီးနေနေကြတယ်။ တချို့လမ်းတွေတော့ ချိုင့်ခွက်တွေနဲ့ ခုထိ၀င်မရသေးဘူး” ဟုပြောသည်။

ကျေးရွာအတွင်း သောက်ရေအတွက်အခက်အခဲများကြုံနေရဆဲဖြစ်ပြီး လမ်းခရီးအခက်အခဲကြောင့် လာရောက်ကူညီသူနည်းပါးကြောင်း သူကပြောသည်။

အဆိုပါကျေးရွာရှိ ကွက်သစ်ရပ်ကွက်နှင့် နောင်ပကပ်ရပ်ကွက်တို့တွင်လည်း ခါးအမြင့်ခန့် ရေဝပ်နေဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ည မြစ်ရေကြီးချိန်က ကျေးရွာအတွင်း အမြင့် ၁၀ ပေခန့်အထိ ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသည် KIA နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာသောဒေသဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းမှ ရွာသို့ဝင်သောလမ်းထိတ်တွင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိကြောင်း သိရသည်။

သတင်း – Dureng
ပုံ – မြစ်ရေကျပြီးနောက် ခတ်ချိုကျေးရွာအတွင်း နေရာအချို့

သင့်ထင်မြင်ချက်ရေးပေးပါ