မြစ်ရေကြီးချိန်က ရေဝင်ရောက်မှုအဆိုးဆုံးခံစားခဲ့ရသည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် ဒေသခံများကကိုယ်ထူကိုယ်ထ သန့်ရှင်းရေးများလုပ်ဆောင်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများဆက်လက်လိုအပ်နေကြောင်း သိရသည်။

ရေဝပ်နေသောနေရာများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်နေရခြင်းဖြစ်ပြီး ရပ်ကွက်များအတွင်းရှိ အများသုံးရေတွင်း၊ ရေကန်များကို ဦးစားပေးရှင်းလင်းရေးလုပ်ဆောင်နေရသည်ဟု ရေဘေးသင့်ပြည်သူများကို လိုက်လံကူညီပေးနေသည့် ဦးဆိုင်းဖုန်းက The 74 Media ကိုပြောသည်။

“အခုကသုံးရေအရင်ရအောင်လုပ်နေတာပေါ့။ သုံးရေရမှပဲ အိမ်ရှင်းလင်းရေးတွေဆက်လုပ်လို့ရတဲ့ အခြေအနေပေါ့။ ရှင်းလင်းရေးပိုင်းကတော့ သူ့အိမ်နဲ့သူကြိုးစားပြီးတော့ လုပ်နေကြပါတယ်။ ကျွန်တော့်ကို ဖုန်းဆက်(အကူအညီတောင်း)လာတာကတော့ သောက်ရေသန့်တွေမရှိဘူး၊ ပြီးတော့ သူတို့ဝတ်မယ့်အဝတ်အစားတွေ အတွင်းခံဘောင်းဘီကစမရှိတော့ဘူးလှူပေးပါ။ သောက်ရေတွင်း ဆယ်ပေးပါပေါ့” ဟုပြောသည်။

ရေဘေးသင့်ခဲ့သောပြည်သူများအတွက် ကူညီကယ်ဆယ်ရေးများစွာလိုအပ်နေဆဲဖြစ်ပြီး ဦးဆိုင်းဖုန်း၏အမည်သုံးကာ ရေဘေးဒုက္ခသည်များကို ကူညီရန်ဟုဆိုကာ အလှူရှင်များထံမှ ငွေကြေးလိမ်လည်အလှူခံမှုများလည်းရှိကြောင်း သူကပြောသည်။

မြစ်ကြီးနားမြို့အတွင်းရှိ ရေမမြှုပ်သောရပ်ကွက်များမှ လူငယ်များက ရေမြှုပ်ခဲ့သောရပ်ကွက်များသို့ ရှင်းလင်းရေးလုပ်ငန်းများအတွက် သွားရောက်ကူညီလုပ်ဆောင်နေပြီး အချို့မှာလည်း လက်ရှိအချိန်ထိ ရေဝပ်နေသောရပ်ကွက်များကို ထမင်းနှင့်ရေသန့်များ လိုက်လံပေးဝေနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ကမ်းနားတစ်လျောက်ရှိ ရပ်ကွက်များဖြစ်သော မန်ခိန်၊ စီတာပူ၊ လယ်ကုန်း၊ ဇီးလွန်၊ အနောက်အလယ်ကုန်း၊ ရမ်ပူနှင့် ကြက်ပေါင်းခြံရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝပ်နေဆဲဖြစ်သည်။

အုပ်ချုပ်ပိုင်းမှတာဝန်ရှိသူများက မီးသတ်ကားများဖြင့် ရှင်းလင်းရေးလုပ်ဆောင်ခြင်းနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လိုက်လံလုပ်ဆောင်နေသော်လည်း လိုအပ်မှုများနှင့် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

ရေဝင်ရောက်ခဲ့သည့်ရပ်ကွက်များရှိ နေအိမ်အများစုတွင် ရွံ့နှင့် နုန်းမြေများမှာ ဒူးခန့်အထိမြင့်တက်နေပြီး အမှိုက်များမှာလည်းသန့်ရှင်းရေးပြုလုပ်ရန်ပင်ခက်ခဲကြောင်း အိမ်ဆယ်ပေခန့်ရေနစ်မြှုပ်ခဲ့သည့် မန်ခိန်ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

“အသုံးအဆောင်ပစ္စည်းတွေတော့ အကုန်မျောသွားပြီး လူပဲလွတ်အောင်ပြေးလိုက်တာဆိုတော့ အကူအညီတွေလည်း အများကြီးလိုအပ်တာပေါ့။ အခု‌လောလောဆယ်ကတော့ ရွှံ့တွေကို အဲ့ရွှံ့ရေတွေနဲ့ပဲဆေးလိုက်တာမပြောင်ဘူးလေ အရမ်းနံတယ်။ အိမ်ကရေးလမ်းကြောင်းမှာဖြစ်သွားလို့ အမှိုက်တွေလည်းအရမ်းများတယ်။ အစုံပဲ အပင်တွေရော ကျွတ်ကျွတ်အိတ်တွေရော၊ သူများဆီက မျောလာတဲ့ဟာတွေရော အောက်ထပ်မှာဆို အမှိုက်တွေနဲ့ပြည့်ကြပ်နေတာ” ဟုပြောသည်။

မန်ခိန်ရပ်ကွက်သည် ဧရာဝတီမြစ်ရေတိုက်ရိုက်ဝင်ရောက်ခဲ့သော ရေဝင်လမ်းကြောင်းဖြစ်ခဲ့သဖြင့် နေအိမ်အများစုမှာ တိမ်းစောင်းပျက်စီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများ၏ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဇူလိုင်လ ၁ နေ့မှစတင်ကာ ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီးနှင့် စက်သုံးဆီများ ပြတ်လပ်ခဲ့ရပြီး လက်ရှိအချိန်ထိ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးပါ။

ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ညတွင် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ မြို့အတွင်းရပ်ကွက်များကိုဝင်ရောက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အမြင့်ဆုံး ၁၄၀၆ စင်တီမီတာအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြစ်ရေသည် ဇူလိုင်လအတွင်း စိုးရိမ်ရေအမှတ်ကို ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒက ယမန်နေ့ ထုတ်ပြန်ခဲ့သည်။

သတင်း – Dureng
ပုံ – ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်

သင့်ထင်မြင်ချက်ရေးပေးပါ