တအာင်းတပ် (PSLF/TNLA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်သည် ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်များကို တစ်ဖက်သတ် စွပ်စွဲမှုများသာဖြစ်သောကြောင့် FPNCC အဖွဲ့က စိစစ်ထိန်းသိမ်းပေးစေလိုသည်ဟု SSPP/SSA က ယမန်နေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် တအောင်းတပ် (PSLF/TNLA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်ပါ အချက်အလက်များသည် အခြေအမြစ်မရှိသော ကလေးကလားဆန်သည့် ထုတ်ပြန်ချက်များသာဖြစ်သည်ဟုဖော်ပြထားသည်။

SSPP ခေါင်းဆောင်များအနေဖြင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ထိပါးနှောင့်ယှက်ရန် အမိန့်ပေးစေခိုင်းခြင်းမရှိဘဲ၊ SSPP တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များကို လမ်းကြောင်းဖွင့်ပေးခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းဟူသောစွပ်စွဲချက်များမှာလည်း စွပ်စွဲချက်သာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

TNLA ၏ ထုတ်ပြန်ချက်ပါ “SSPP/SSAတပ်ဖွဲ့ဝင်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကိုခံရပြီး ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရသည်၊ PSLF/TNLA စစ်ဦးစီးမှူး၏ နာမည်ပြောဆိုသံကြားရပြီး ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်ဟူ၍ စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည်၊ စကစစစ်စခန်းများ မကျဆုံးမီ SSPP ထံလွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက စကစ တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်” ဟူသောအချက်များမှာ စွပ်စွဲချက်သာဖြစ်သည်ဟု ချေပထားသည်။

FPNCC အဖွဲ့ဝင်အချင်းချင်းဖြစ်သော PSLF/TNLA နှင့် SSPP/SSA တို့ကြား ဖြစ်ပေါ်နေသည့် ပြဿနာကို FPNCC အဖွဲ့က သမာသမတ်ရှိရှိ စိစစ်ထိန်းသိမ်းပေးစေလိုသည်ဟု ထုတ်ပြန်ခဲ့သည်။

PSLF/TNLA ဗဟိုကော်မတီက ဇူလိုင်လ ၈ ရက်နေ့တွင် SSPP တပ်ဖွဲ့ဝင်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို ရည်ရွယ်ချက်ရှိရှိနှောင့်ယှက်နေသဖြင့် ကန့်ကွက်သတိပေးခြင်းဟု စာထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ငါးရက်နေ့ကလည်း PSLF/TNLA တပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်တို့ကြား ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကို သက်ဆိုင်ရာခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီး ပစ်ခတ်မှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း TNLA က ဇူလိုင်လ ငါးရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ဇူလိုင်လ ၇ ရက်နေ့ ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၆၄ ခုနှစ်၊ ဧပြီတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်တွင် SSA အဖွဲ့အစည်း၏ ပထမညီလာခံကျင်းပကာ SSPP ကိုတည်ထောင်ခဲ့ကြောင်း သိရသည်။

PSLF/TNLA သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ကို ဖွဲ့စည်းကာ ၂၀၁၁ ခုနှစ်တွင် KIA ထံ သွားရောက်စစ်ပညာသင်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သည် NCA စာချုပ်တွင် လက်မှတ်မထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSP/UWSA၊ NDAA၊ MNDAA၊ SSPP/SSA ၊ MNDAA၊ KIO/KIA၊ TNLA နှင့် AA စသည့်တို့ပါဝင်ကြသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ