မြစ်ရေမြင့်တက်လာသောကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံများ၏ မတ်ပဲစိုက်ခင်းအများအပြား ရေနစ်မြုပ်သွားပြီး ဒေသခံပြည်သူအားလုံး ရေဘေးရှောင်နေရကြောင်း သိရသည်။ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်ခုလုံး ရေမြင့်တက်ခဲ့သောကြောင့် မတ်ပဲစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး မြောင်မြို့နယ်မှဒေသခံပြည်သူများမှာလည်း ရေဘေးရှောင်နေရသည်ဟု မြောင်မြို့ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်နှစ်တွေထက်စာရင် ရေတိုးအားပိုမြန်တယ်။ ရေကရွာတွေထဲထိဝင်လာတဲ့အတွက်ကြောင့် ကားတွေ သွားရလို့မရတော့ဘူး။ မြောင်နယ်အနောက်တောင်ဘက်ခြမ်းက အနိမ့်ဆုံးပိုင်းတွေဆိုတော့ စိုက်ခင်းတွေကတော့ တော်တော်လေးနစ်မြုပ်သွားပြီး ဆုံးရှုံးမှုတွေအများကြီးဖြစ်နေတယ်။ မြောင်မြို့နယ်ဘက်က တော်တော်များများ ကုန်းမြေမရှိတော့ဘူး။ ရေကလည်း တစ်ရက်တစ်ရက်ကို အရမ်းတိုးလာတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် ဒေသခံတို့၏ စိုက်ခင်းအများအပြားရှိသော ဒေသအခေါ် မြေနုကျွန်းတစ်ခုလုံး ရေနစ်မြုပ်သွားပြီး ပြည်သူများမှာလည်း မြောင်မြို့နယ်မြောက်ဘက်ပိုင်းသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

ရေတက်လာသောကြောင့် အချို့က ပဲခင်းများကိုလိုက်လံရိတ်သိမ်းခဲ့ကြသော်လည်း အများစုမှာ ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါဒေသများတွင် စားဝတ်နေရေးအတွက် ကွမ်းနှင့် ပဲကို အဓိကထားစိုက်ပျိုးကြပြီး ယခုကဲ့သို့ စိုက်ခင်းများ ပျက်စီးဆုံးရှုံးသွားကြောင့် လာမဲ့နှစ်တွင် အခက်အခဲကြုံလာနိုင်ကြောင်း မြောင်မြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

“ဆုံးရှုံးမှုတွေတော့အများကြီးရှိတာပေါ့ နောက်နှစ်ပြန်စိုက်ဖို့ အမျိုးတွေပါရှုံးသွားတာပေါ့ဗျာ။ ဒီဘက်ကတော့ စပါးစိုက်ကွက်ရယ်လို့တော့ နေရာမရှိဘူး။ ပဲတို့ ကွမ်းတို့ စိုက်ပျိုးခြံနဲ့ပဲ အသက်မွေးဝမ်းကျောင်းနေရတာပေါ့။ အခုလို့ပျက်စီးသွားတော့ တော်တော်လေးခက်ခဲသွားမယ်။ ကွမ်းခြံတွေဆိုလည်း တစ်ဆောင်စိုက်တစ်ခြံဆို သိန်းနှစ်ဆယ်ကျော်လောက်ကုန်တယ်။ ပဲခြံတွေထက်အကုန်အကျပိုများတာပေါ့။ ရေကတော့အခုလည်း တိုးလာနေတုန်းပဲ” ဟုပြောသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကသာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကနီမြို့နယ်၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မြောင်မြို့နယ်များရှိ ကျေးရွာအများအပြား ရေနစ်မြုပ်နေကြောင်း သိရသည်။

မြောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ