ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ယူဆရသူများက သတ်ဖြတ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဝိုင်းမော်မြို့တွင် ယနေ့နံနက် ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့ရပ်ကွက် (၁)ရှိ ပန်းခြံလှေကားအနီးတွင် တစ်လောင်းနှင့် ရပ်ကွက် (၃) လမ်းမကြီးပေါ်တွင် တစ်လောင်းတွေ့ရှိခဲ့ပြီး Shan Ni Judiciary (ရှမ်းနီတရားစီရင်ရေးအဖွဲ့) စာသားပါကတ်ပြားလည်း တင်ထားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကကောင်သေတာလဲတော့ မသိသေးဘူးပေါ့။ မနေ့ညကတည်းကသတ်ထားတယ်ထင်တယ်။ ဘယ်အချိန်သတ်ခံရလည်းတော့ ဘယ်သူမှမသိဘူးလေနော်။ အလောင်းကဒီမနက်မှသိရတယ်” ဟုပြောသည်။

သတ်ဖြတ်ခံထားရသူတစ်ဦးမှာ လည်ပင်းတွင်အပေါက်ငယ်တစ်ခုရှိနေပြီး ထိုးကြိတ်ခံထားရသောဒဏ်ရာများလည်း ရရှိထားကာ ကျန်တစ်ဦးမှာ လည်ပင်လှီးဖြတ်ခံထားရကြောင်း သိရသည်။

အဆိုပါသတ်ဖြတ်ခံထားရသည့်အမျိုးသားနှစ်ဦး၏ ရင်ဘတ်ပေါ်တွင် Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေးအဖွဲ့) ဟုစာဖြင့်ရေးသည့်ကတ်ပြားတင်ထားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ယောက်ကလည်ပင်းတည့်တည့်မှာ အပေါက်ဟုတ်တယ်။ တစ်ယောက်ကတော့ လည်ပင်းမှာလှီးထားတယ်။ ရှမ်းနီတရားစီရင်ရေးဆိုပြီးတော့ ကပ်ပြားနဲ့ရေးပြီးတော့လုပ်ထားတယ်။ ရင်ဘတ်ပေါ်မှာ တင်ထားတယ်။ ရပ်ကွက် ၃ မှာတစ်လောင်း ရပ်ကွက် ၁ မှာတစ်လောင်းမှာဟုတ်တယ်” ဟုပြောသည်။

အဆိုပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက လာသယ်ယူသွားပြီဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများမှာ အသက် ၃၀ ခန့်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ရပ်ကွက်နှစ်ခုတွင် လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းတွင် Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေးအဖွဲ့) ဟု စာသားပါကတ်ပြားတင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ