အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက ကြိုတင်အသိပေးခြင်းမရှိသောကြောင့် မြစ်ရေကြီးချိန် မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ငန်းရှင်အချို့ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

လူအများအိပ်နေချိန် နေအိမ်အတွင်းသို့ရေဝင်ရောက်ခဲ့ပြီး ကုန်ပစ္စည်းများရွှေ့ပြောင်းချိန်မရသောကြောင့် သိန်းရာနှင့်ချီ ဆုံးရှုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း စီတာပူရပ်ကွက်တွင် အလှပြင်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရေရောက်တာကလည်း လူတွေအိပ်ပျော်နေကြတဲ့အချိန်ဆိုတော့ တော်တော်များများဘယ်သူမှမသိလိုက်ကြဘူး။ ကျွန်တော်တို့ထတဲ့အချိန် ရေကဒူးရောက်နေပြီလေ။ ရေကအရမ်းမြန်လာတဲ့အချိန်ကျတော့ မနိုင်တော့လို့ ဒီတိုင်းပဲ တံခါးပိတ်ပြီးမှပဲ ထားခဲ့လိုက်တာ။ ပစ္စည်းဆိုရင် ဘာတစ်ခုမှမသိမ်းနိုင်ခဲ့ဘူး” ဟုဆိုသည်။

ဧရာဝတီမြစ်ရေမှာ ပြီးခဲ့ဇွန်လ ၃၀ ရက်နေ့ညမှစတင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့ပြီးနောက် ဇူလိုင် ၁ ရက်နေ့ညသန်းခေါင်ယံအချိန်တွင် ၁၄၀၆ စင်တီမီတာအထိမြင့်တက်ခဲ့သည်။

ပစ္စည်းရွှေ့ပြောင်းချိန်မရသောကြောင့် ဆန်အိတ် ၃၀၀ ခန့် ရေစိုပျက်စီးဆုံးရှုံးခဲ့ရသည့်ဟု အေးစေတီရပ်ကွက်တွင် ဂိုဒေါင်ထားရှိသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အဲဒီမှာထားတာလည်း နှစ်နှစ်ပဲရှိသေးတယ်ဆိုတော့ ဒီလိုမျိုးမကြုံဖူးသေးဘူး။ လောလောနဲ့ဆိုတော့ဘာမှလည်း မလုပ်လိုက်ရဘူး။ ဆန်ပဲပျက်စီးသွားတာ။ အဲဒီဟာတွေက သူများတွေဝက်စာတွေရချင်တဲ့သူတွေပေးလိုက်တယ်” ဟုဆိုသည်။

ကြက်ပေါင်ခြံ၊ မြို့သစ်ကြီးနှင့် လယ်ကုန်းစသည့်ရပ်ကွက်များက မြစ်ရေ ၁၀၀၀ စင်တီမီတာနှင့် မန်ခရိန်၊ စီတာပူ၊ အေးစေတီရပ်ကွက်များတွင် ၁၁၅၀ စင်တီမီတာတို့ရောက်ရှိပါက ရေစတင်ဝင်ရောက်နိုင်ပြီဖြစ်သော်လည်း အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များကို အသိပေးနှိုးဆော်မှုများပြုလုပ်ခြင်း မရှိခဲ့ပါ။

ရေကြီးရေလျှံမှုဖြစ်ပွားနိုင်မည်ဟု ကြိုတင်သိရှိခဲ့ပါက ပျက်ဆီးဆုံးရှုံးမှုနည်းပါးနိုင်သော်လည်း စစ်ကောင်စီ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးအန္တရာယ်အတွက် တစ်စုံတစ်ရာကြိုတင်သတိပေးခြင်း မရှိခဲ့ကြောင်း အလှပြင်ဆိုင်အသစ်စတင်ဖွင့်လှစ်ထားသည့် ပိုင်ရှင်တစ်ဦးကပြောသည်။

“အဲဒီလောက်ထိရေကြီးမယ်လို့ကြိုပြောခဲ့ရင်တော့ ပစ္စည်းလေးတွေရွှေ့ဘာညာလုပ်ထားခဲ့မှာပေါ့။ အခုက ဆိုင်စဖွင့်ပြီး ပစ္စည်းတွေအများကြီးဝယ်စုထားတဲ့အချိန်အခါဟုတ်တယ်။ ဆိုင်ဖွင့်တာလည်းမကြာသေးဘူး။ ရင်းနှီးထားတဲ့ဟာတွေ တစ်ဝက်လောက်ပြန်ရှုံးသွားတဲ့အချိန်ကျတော့ တော်တော်လေးကို စိတ်မကောင်းဘူး” ဟုပြောသည်။

မြို့ပေါ်ရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကိုရေဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အများစုမှာပစ္စည်းသိမ်းဆည်းချိန်မရဘဲ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

ရေနစ်မြုပ်ခဲ့သည့်ကုန်ပစ္စည်းအများစုပျက်စီးသွားသဖြင့် ရေကျသွားချိန်တွင် မူလရောင်းဈေးထက် တစ်ဝက်ကျော်ခန့်လျှော့ချကာ ရောင်းချခဲ့ရသည်ဟု စီတာပူရပ်ကွက်ရှိ အိတ်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အိတ်တွေအကုန်လုံး ထက်ဝက်ကျော်ပေါ့နော် ၈၀ ရာခိုင်နှုန်းလောက် ရေထိပြီးပျက်စီးသွားတယ်ဗျ။ အဲဒါကို ကျွန်တော်တို့က အလကားပေးတဲ့လျှော့ဈေးလိုမျိုးနဲ့ရောင်းပေးလိုက်တာဟုတ်တယ်” ဟုဆိုသည်။

ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်သည့်ရပ်ကွက်များရှိ အသေးစားအလတ်စားလုပ်ငန်းအများစု နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသော်လည်း အာဏာပိုင်များက တာဝန်ယူမှုမရှိကြောင်း ကချင်အရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

“ရေသန့်စက်ရုံတွေ၊ ကြက်စာလှောင်ထားတဲ့သူတွေ စတဲ့လုပ်ငန်းရှင်တွေ သိန်းထောင်ဂဏန်း ဆုံးရှုံးကြတယ်။ တချို့လူအသေအပျောက်ရှိတယ်။ စကစက ကြိုတင်အသိပေးဖို့ပျက်ကွက်တဲ့အပြင် အခုထိလည်းပြန်လည်ထူထောင်ရေးအတွက် လုပ်တာ မတွေ့ဘူး။ သူတို့အသုံးမကျတာ ပိုမြင်သာတာပေါ့” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင်းရပ်ကွက်များ ရေမဝင်ရောက်မှီ ကချင်ပြည်နယ်အထက်ပိုင်းဒေသများတွင် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မလိခမြစ်ရေမှာ မြစ်ကူတံတားပေါ်ရောက်ရှိရန်လေးပေခန့်အလိုထိ မြင့်တက်သွားသောကြောင့် ဇွန်လ ၂၈ ရက်နေ့ညပိုင်းမှစတင်ကာ မချမ်းဘော့မြို့နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများတွင် ရေဝင်ရောက်ခဲ့သည်။

ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားဦးစီးဌာနမှ ဦးနိုင်လင်းထွေးကလည်း သူ၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၂၉ ရက်နေ့ည ၈ နာရီခွဲခန့်မှစတင်ကာ တစ်နာရီတွင် ၁၀ လက်မနှုန်းဖြင့် ရေမြင့်တက်နေပြီး မြစ်ကြီးနားမြို့မြစ်ရေမှာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာသို့ရောက်ရှိရန် ၂၇၉ စင်တီမီတာ (၉ ပေကျော်ခန့်) သာလိုကြောင်း ရေးသားဖော်ပြခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ရှိရေဝင်ရောက်ခဲ့သည့် ရပ်ကွက်များနှင့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတို့တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ လူမှုကူညီရေးအသင်းများက လုပ်ဆောင်နေကြသည်။

သောက်သုံးရေအခက်အခဲကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူများလည်း များစွာရှိပြီး လူမှုကူညီရေးအသင်းများ သွားရောက်ရန်ခက်ခဲသောနေရာများတွင်လည်း ဒေသခံပြည်သူများက ရှင်းလင်းရေးများကို ကိုယ်ထူကိုယ်ထလုပ်ကိုင်နေကြရကြောင်း သိရသည်။

ရေကြီးနေချိန်အတွင်း မြစ်ကြီးနားမြို့ရှိ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်တို့တွင် သေဆုံးနေသည့် ရုပ်အလောင်း ခုနှစ်လောင်းထက်မနည်းတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း လူမှုကူညီရေးအသင်းများ၏ပြောပြချက်အရသိရသည်။

မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေမှာ ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းသွားခဲ့ပြီး ယမန်နေ့က ၂ လက်မခန့်ပြန်လည်မြင့်တက်ခဲ့သော်လည်း ယနေ့ မွန်းလွှဲ ၁၂ နာရီခွဲခန့်တွင် ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ