ဖုန်းအားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်သဖြင့် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတစ်ခု ယနေ့နံနက် ၃ နာရီခွဲခန့်က မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

KBC စစ်ရှောင်စခန်း (၂) တွင် မီးလောင်ခြင်းဖြစ်ပြီး ဆိုင်ကယ်အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းများအားလုံး မီးလောင်ပြာကျသွားသည်ဟု ချီဖွေဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ရှော့ခ်ဖြစ်ပြီးမှတစ်ဆောင်လုံးပါသွားတယ် ဘာမှမကျန်တော့ဘူး။ အဝတ်အစားတွေလည်းအကုန်လုံး ပါသွားပြီ။ သူတို့ရဲ့အသက်တစ်ချောင်းပဲ ကျန်တော့တယ်။ တခြားတော့မပြောတတ်တော့ဘူး။ သူတို့ရဲ့ဆိုင်ကယ်တွေ အဝတ်သေတ္တာတွေ ရွှေတွေ ငွေတွေအကုန်လုံးပါသွားပြီ။ ဘာမှမယူလိုက်ရဘူး” ဟုပြောသည်။

အဆောင်တန်းလျားတစ်ခုမီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး အဆိုပါအဆောင်တွင် အိမ်ထောင်စု ၉ စု လူဦးရေ ၄၅ ဦးခန့်နေထိုင်ကြောင်း သိရသည်။

မီးငြိမ်းသတ်ရန်လာသည့် မီးသတ်ကားလည်း ချီဖွေမြို့အဝင်တွင် တိမ်းမှောက်ခဲ့သောကြောင့် နံနက် ၇ နာရီခန့်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု စစ်ရှောင်များကိုကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“မီးသတ်ကားလည်း မီးလောင်လို့လာတာ လမ်းမှာမှောက်သွားတယ်။ ဒါကြောင့်အကုန်လုံးပါသွားတာ။ အခုလောလောဆယ်က ချီဖွေဇုံနယ်ဖွံ့ဖြိုးရေးကသွားကူညီထားတာ စောင်နဲ့စားစရာဆန်နည်းနည်းပဲ တခြားအသင်းတော်ကလည်း နည်းနည်းကြည့်နေတယ်” ဟုပြောသည်။

အဆိုပါစစ်ရှောင်စခန်းမှာ ချီဖွေမြို့ကတ်သလစ်ဘုရားကျောင်းအနီးတွင်တည်ရှိပြီး ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

ချီဖွေမြို့နယ်ရှိ စစ်ရှောင်စခန်းများမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းနှင့် ဇွန်လကုန်ပိုင်းတို့တွင်လည်း တောင်ကျရေကြောင့် ရေဘေးဒဏ်ခံခဲ့ရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ