ဒေသခံပြည်သူများ စက်သုံးဆီဝယ်ယူရန်ခက်ခဲနေသည့် ပူတာအိုခရိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ရပ်နားထားခဲ့သည့် ရွှေတူးဖော်မှုများ ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်နေကြောင်း သိရသည်။

ဒေသခံများ ကန့်ကွက်နေသော်လည်း စက်ယန္တရားကြီးများဖြင့် နေ့မနားညမအား ပြန်လည်တူးဖော်နေကြခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာနံဘေးမှာ တစ်ညလုံးလုံး နေ့ဆိုင်းညဆိုင်းမိုးလင်းပေါက်ပေါက်တူးတာ အိပ်လို့မရအောင် တူးနေကြပြီ။ နမ်းခမ်းချောင်းမှာ ဒေသခံတွေ ဟိုဘက်ကမ်းဒီဘက်ကမ်းကူးတဲ့လမ်းတွေလည်း တူးလို့ကုန်သွားပြီ လူသွားလို့တောင်မရတော့လို့ မတူးပေးနဲ့လို့ပြောပေမဲ့ အခုထိတူးနေတယ်။ အဲ့မှာ အခုစက်ကြီးတွေ ပြန်ဝင်လာတာ။ လယ်သွားနေကျလမ်းတွေလည်း အကုန်တူးလိုက်ပြီလေး ထွန်စက်တွေလည်း အရင်ကတော့ အဲ့လမ်းအတိုင်းပဲသွားတာ အခုဆိုသွားလို့မရတော့ဘူး” ဟုပြောသည်။

အဆိုပါရွှေတူးဖော်နေသူများမှာ ပူတာအိုခရိုင်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ပြီးခဲ့သည့်မေလက ရပ်နားထားခဲ့ပြီးနောက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ ပြန်လည်တူးဖော်နေကြခြင်းဖြစ်သည်။

ပူတာအိုခရိုင်အတွင်း ဇွန်လ ၁၉ ရက်နေ့မှစတင်ကာ ဆီတင်ကားများရောက်လာသော်လည်း ဆီပန့်ဆိုင်ကြီးများတွင် ရောင်းချပေးခြင်းမရှိဘဲ ဒေသခံပြည်သူများက လမ်းဘေးဆီဆိုင်များတွင် ၇၀၀ ml တစ်လုံးလျှင် ငွေကျပ်နှစ်သောင်းမှ သုံးသောင်းကြားပေးကာ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်သည်။

ရွာရှိလူနေအိမ်များနှင့် ပေ ၁၅၀ ခန့်အကွာတွင်တူးဖော်နေကြခြင်းဖြစ်ပြီး ဘက်ဟိုးဆိုင်းသုံးဆိုင်းနှင့် ရေငုတ်ဆိုင်းလေးခန့်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ရပ်မိရပ်ဖများနှင့် ဒေသခံ အယောက်တစ်ရာခန့်က ရွှေတူးဖော်မှုကိုကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ကျေးရွာအုပ်ချုပ်ရေးပိုင်းထံ ပြီးခဲ့သည့်မေလက စာတင်ခဲ့သော်လည်း လက်ရှိအချိန်ထိ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများကပြောသည်။ 

လက်ရှိအဆိုပါနေရာတွင်ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များက ဗျူဟာမှူးနှင့် အုပ်ချုပ်ရေးပိုင်းအဆင့်ဆင့်ကို ငွေကြေးပေးဆောင်ကာ တူးဖော်နေခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

“ဗျူဟာမှူးခွင့်ပြုချက်နဲ့ ငွေပေးပြီးတူးကြတာပဲ နောက်ဆုံးတော့လည်း ဗျူဟာမှူးတွေ သူဌေးဖြစ်တာပဲ။ တစ်တွင်း(ရွှေတွင်း)လုပ်ရင် အနိမ့်ဆုံးသိန်း ၅၀ ကနေ ဘက်ဟိုးဘာညာဆို သိန်းရာချီပေးရတာ။ ရွှေ ရ၊ မရ မသိသေးဘူး တူးခွင့်ရဖို့အရင်ဆုံးပူဇော်ပသရတယ်။ အတွင်းကျကျသိပါတယ်ဗျာ ပြောပြလို့မကောင်းလို့သာမပြောတာ။ ဗျူဟာမှူးပြီးရင် တခြားတပ်နယ်မှူးဆိုတာလည်းပေးရတယ်၊ အကုန်လုပ်စားနေကြတာ ပြည်သူ့စစ်ကလည်း စကစ(စစ်ကောင်စီ)လက်အောက်ခံဆိုပေမဲ့ တောင်းတာပဲ” ဟုပြောသည်။

ကန့်ကွက်ကြောင်း ဒေသခံများစာတင်ထားသော စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးခြင်းမရှိသော်လည်း မလိခမြစ်အတွင်း ထိုးလောင်းဖြင့် ရွှေရှာနေသူများကို အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

ရွှေတူးဖော်မှုကြောင့် နမ့်ခမ်းချောင်းရေမှာ ရေစီးရေလာပြောင်းလဲလာသောကြောင့် လယ်မြေများကို ရေတိုက်စားခြင်းနှင့် ချောင်းရေခမ်းသွားမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လဆန်းပိုင်းကလည်း နမ်းခမ်းကျေးရွာအတွင်း ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်ဖြင့် ငါးကန်တူးသည်ဟုဆိုကာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌ သွားရောက်စစ်ဆေးချိန်တွင် တစ်ရက်ကြို လုပ်ငန်းများရပ်နားခဲ့ပြီး ဘက်ဟိုးများလည်းဖွက်ထားခဲ့ကြောင်း သိရသည်။ 

 

သတင်း – Dureng

ပုံ – ပြီးခဲ့သည့်ဧပြီလက မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာအနီးတွင် ရွှေတူးဖော်နေကြစဉ်

(ဓာတ်ပုံ – ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ