မြစ်ရေကြီးချိန် ရေတိုက်စားမှုကြောင့် ခြံဝန်းမြေနေရာနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများစွာလိုအပ်နေကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်ရှိ အိမ်ထောင်စု ၂၀ ကျော်ခန့်၏ နေအိမ်များ ရေစီးနှင့်အတူမျောပါသွားသောကြောင့် ပြန်လည်ထူထောင်ရန်ခက်ခဲနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မြေနေရာမရှိတော့ဘူး အကုန်ပြိုသွားပြီးကမ်းပါးပဲကျန်တော့တယ် အိမ်လည်းပြန်ဆောက်လို့ မရတော့ဘူးလေနော်။ ခါတိုင်းအိမ်ဆောက်ပြီးနေနေတဲ့နေရာတွေတော့ အခုဆို ရေစီးလမ်းကြောင်း ဖြစ်သွားတာပေါ့။ အရမ်းဆိုးဆိုးဝါးဝါးဖြစ်သွားပေမဲ့လိုင်းမရတော့ ဘယ်သူမှမသိကြဘူးရော။ တချို့ခြံဝန်းတွေကတော့ အိမ်ရှေ့ခြံဝန်းတံခါးတိုင်ပဲကျန်တယ်။ တချို့အိမ်တွေကတော့ မီးဖိုချောင်တွေ ရေချိုးခန်းအိမ်သာပါသွားတာမျိုးတွေလည်းရှိပါတယ်” ဟုပြောသည်။

မြေပြိုသွားသောကြောင့် တင်ကျန်နေသည့် နေအိမ်များကို ဒေသခံများကလူအင်အားဖြင့် အခြားနေရာသို့ ကိုယ်ထူကိုယ်ထပြောင်းရွှေ့ထားကြောင်း သူကဆက်ပြောသည်။

“ထရံအိမ်တွေကျတော့ အိမ်တစ်ခြမ်းပါသွားလည်း အရှေ့ဘက်ကိုရွှေ့လို့ရတယ်လေ၊ တိုက်အိမ်တွေကျတော့ တစ်ခြမ်းပါသွားရင် အကုန်ဖြိုလိုက်ရတယ်လေနော်။ နှစ်ထပ်အိမ်တွေကလည်း အဲ့လိုပဲပေါ့ အုတ်တွေရိုက်ခွာ၊ ပျဉ်တွေရိုက်ခွာပေါ့ ပြီးမှအရှေ့ခြမ်းစည်းရိုးနဲ့ ကပ်ကပ်လေးကိုမှ လူအင်အားနဲ့ ရွေ့ပြီးတော့အဆင်ပြေသလိုနေနေကျတာပေါ့” ဟုပြောသည်။

အချို့ခြံဝင်းများမှာ မြေနေရာ ၁၀ ပေကျော်ခန့်သာကျန်ရှိပြီး မိုင်းနားဘုရားကျောင်းအနီးတစ်ဝိုက်၊ ဟူးလော်နှင့် လဝမ်ကထောင်တို့တွင်အများဆုံးထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

အိမ်ယာခြံဝိုင်းများဆုံးရှုံးခဲ့ရသောကြောင့် နီးစပ်ရာသို့ပြောင်းရွှေ့နေထိုင်သူများရှိသော်လည်း စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လက်လုပ်လက်စားဈေးသယ်တွေပဲ နေတဲ့အခါကျတော့ တစ်သက်လုံး အဲ့မှာ (နေအိမ်ခြံဝန်း) ထည့်ထားတာ ရင်းနှီးထားတာဆိုတော့လည်း တခြားပိုင်ဆိုင်မှုဘာမှမရှိဘူး၊ ဒါဆိုဒါပဲရှိတဲ့အခါကျ ငိုလိုက်ကြတာ သုံး၊ လေးရက်လောက်ကိုမှ။ မချက်စားနိုင်ကြဘူး။ ခြံဝန်းတွေမပါသွားရင်တော့ ပြန်ဆောက်လို့ရမှာ အခုကတော့မြေတွေပါသွားတော့ အိမ်သာကဘယ်မှာသွားရမယ်မှန်းမသိ။ ဒါပေမဲ့လည်း နေစရာမရှိတဲ့အချိန်ကျတော့ အဲ့မှာတွေပဲ ပေကပ်ပြီး နေနေရတာပဲ” ဟုပြောသည်။

လက်ရှိရေတိုက်စားသောကြောင့် ထိခိုက်ပျက်စီးသွားသည်ခြံဝန်းများသည် သိန်းထောင်ချီ ပေါက်ဈေးရှိသောမြေနေရာများဖြစ်ပြီး ရေပြန်ကျသွားသည်မှာ တစ်ပါတ်ခန့်ကြာမြင့်လာသော်လည်း အုပ်ချုပ်ရေးတာဝန်ယူထားသည့် သက်ဆိုင်ရာဌာနများကလည်း လာရောက်ကြည့်ရှု့ခြင်းမရှိကြောင်း သူကပြောသည်။

ဧရာဝတီမြစ်ကမ်းနားတစ်လျောက် မြေပြိုထားသောနေရာများမှာ မိုးရွာပါက မြေပြိုမှုဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့် အဆိုပါနေရာကို ထိခိုက်ပျက်စီးမှုများကို သိရှိသူနည်းပါးပြီး အသင်းတော်မှလာရောက်ကြည့်ရှုသော်လည်း လူမှုကူညီရေးအဖွဲ့များ ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ဝိုင်းမော်မြို့နယ်တွင် ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် လူမှုကူညီရေးအသင်းများသွားရောက်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ရေဘေးဒဏ်ခံခဲ့ရသည့်နေရာများနှင့် လက်ရှိအချိန်ထိ ရေဝပ်၊ ရေကျန်နေသော နေရာများကို ရေဝင်ရောက်ခြင်းမရှိသည့်ရပ်ကွက်များမှ ပြည်သူအချို့က အုပ်စုဖွဲ့ကာ အလှူငွေများဖြင့် စားရေးသောက်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို လိုက်လံလုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့်ဇွန်လ ၃၀ ရက်နေ့ညမှစတင်ကာ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့ပြီးနောက် ဇူလိုင် ၁ ရက်နေ့ညသန်းခေါင်ယံအချိန်တွင် ၁၄၀၆ စင်တီမီတာအထိ မြင့်တက်ခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ