ဖားကန့်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဥရုချောင်းရေထပ်မံမြင့်တက်ခဲ့ပြီး ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထပ်မံပြောင်းရွေ့ရကြောင်း သိရသည်။

ရေပြန်ကျပြီး (၃) ခန့်ရက်အကြာတွင် မိုးအဆက်အပြတ်ရွာသွန်းသောကြောင့် ရေပြန်လည်ဝင်ရောက်ခဲ့သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု မြို့မရပ်ကွက်နေ ကျောက်အရောင်းဝယ်ပြုလုပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကနေ ရေကပြန်တက်လာနေပြီလေ။ အိမ်သန့်ရှင်းရေးက ဒီပုံစံတိုင်းဆို ဘယ်လိုမှလုပ်ပြီးဦးမှာ မဟုတ်တော့ဘူး။ မိုးများတော့ဥရုချောင်းရေက  ရပ်ကွက်ထဲထိကိုဝင်တော့တာ။ ကျောက်ဝိုင်းလည်း ရေကြီးလို့နားထားတာကြာပြီ။ ဘာလုပ်လို့ဘာကိုင်စားရမလဲ မသိတော့ဘူး” ဟုပြောသည်။

မှော်ဝမ်းရပ်ကွက်၊ ငှက်ပျောတော ရပ်ကွက်နှင့် မြို့မ ရပ်ကွက်တို့တွင် ရေမှာ ၆ ပေ အမြင့်ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးဆက်တိုက်ရွာသွန်းလျင် ယခုကဲ့သို့ ဥရုချောင်းရေမြင့်တက်ပြီး ကျေးရွာအတွင်းရေဝင်ရောက်ခြင်းမှာ ရေကာတာဘောင်များနိမ့်နေခြင်းနှင့် ချောင်းသန့်ရှင်းရေးကောင်းစွာပြုလုပ်နိုင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း အေးမြသာယာကျေးရွာနေ အသက် ၃၃ ကျော်အရွယ်ဒေသခံတစ်ဦးကပြောသည်။

“အခုကမိုးရွာတာနဲ့ ရေကလျှံတက်ပြီး ရွာထဲဝင်နေပြီ။ အဓိက ရေကာဘောင်ရိုက်တာ နိမ့်နေလို့လေ။ ဥရုချောင်းသန့်ရှင်းရေးဆိုပြီး လုပ်ကြတာပဲ ဘာမှလည်မထူးဘူး” ဟုသူကပြောသည်။

ဥရုချောင်းကို အာဏာသိမ်းသုံးနှစ်တာကာလအတွင်း ချောင်းသန့်ရှင်းရေးကောင်းစွာပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်များတွင် လူဆယ်ဦးလျှင် ရှစ်ဦးမှာ ဝမ်းရောဂါနှင့် ရာသီတုပ်ကွေး အဖြစ်များနေကြောင်း ငှက်ပျောတောရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

“လူဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဝမ်းပြဿနာ ဒါမှမဟုတ်ရင် တုပ်ကွေးဖြစ်နေပါတယ်။ အဲ့ဝေဒနာက တစ်ပတ်တိတိကိုခံစားရတယ်။ ဆေးခန်းတွေကလည်း စျေးကြီးတယ်။ ဒါကြောင့် ဒီရေက မိုးတွင်းကာလတစ်လျှောက်လုံးကြီးနေတော့မှာပဲ” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့တွင် မိုးရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ခဲ့ပြီး ကျေးရွာအတွင်းရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူရာနဲ့ချီရှိခဲ့ကြောင်းသိရသည်။

ချောင်းရေမြင့်တက်လာချိန် ရေစီးအလွန်သန်သောကြောင့် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ကောင်းပြည့်စက်သုံးဆီဆိုင်ရေစီးနှင့်အတူမျောပါသွားခဲ့သည်။

 

သတင်း – Pe Ti

ပုံ – ဇူလိုင်လပထမအပါတ်က ဖားကန့်မြို့တွင် ဥရုချောင်းရေကြီးရေလျှံမှု

သင့်ထင်မြင်ချက်ရေးပေးပါ