စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ရှိဒေသခံများ၏နေအိမ်များ ယခုရက်ပိုင်းအတွင်း မွှေနှောက်ခိုးယူဖျက်ဆီးခံနေရကြောင်း သိရသည်။

ဒေသခံပြည်သူအိမ်ပိုင်ရှင်များတိမ်းရှောင်နေချိန် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က ဆိုင်ကယ်၊ စက်ဘီးနှင့် တန်ဖိုးရှိသောပစ္စည်းများကို ခိုးယူရောင်းစားနေခြင်းဖြစ်သည်ဟု အသက် ၄၀ ကျော်အရွယ် နန့်မွန်းဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့မှာရွာကလူတွေ နေ့တိုင်းပစ္စည်းတွေသွားသယ်တဲ့အချိန် တွေ့တာဟုတ်တယ်။ ရွာမှာက အိမ်ပေါ်မှာက စစ်သားလား၊ သူခိုးလားမသိ အိမ်ပိုင်ရှင်တွေကအိမ်အောက်မှာပစ္စည်းတွေလာယူ အဲ့လိုကိုဖြစ်နေတယ်။ တချို့ကစစ်ဝတ်စုံနဲ့ တချို့ကရိုးရိုးအရပ်ဝတ်နဲ့ပဲဝင်ပြီး သုံး၊ လေးယောက် အဲ့လိုခိုးယူနေကြတယ်” ဟုပြောသည်။

နန့်မွန်းမြို့ရှိ ကချင်လူမျိုးအများဆုံးနေထိုင်သော အောင်မြေရပ်ကွက်တွင် အများဆုံးခိုးယူခံနေရခြင်းဖြစ်သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်နန့်မွန်းမြို့တွင် ရှမ်းနီပြည်သူ့စစ်များနှင့်နီးစပ်သည့် ဒေသခံများသာနေထိုင်နေပြီး ကျေးရွာ၏ သုံးပုံတစ်ပုံခန့်သာကျန်ရှိပြီး KBC ဘုရားကျောင်းရှေ့တွင်လည်း ခရီးသွား ဖြတ်သွားဖြတ်လာကားများကို စစ်ဆေးလျက်ရှိကြောင်း နန့်မွန်းဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ထွက်ပြေးပြီဆိုတော့ ရှမ်းနီဒေသခံတွေလည်းထွက်ပြေးကုန်တယ်။ အခုက ပြည်သူ့စစ်တွေနဲ့နီးစပ်တဲ့သူတွေပဲနေရဲနေတယ်။ ဆိုင်တွေလည်းဖွင့်နေတယ်။ လမ်းဘေးမှာဆိုရင်လည်း သွားလာလို့တော့ရတယ်။ ဖားကန့်ကားတွေလည်းသွားတယ်။ စစ်ဆေးတာတွေလုပ်ပြီးသွားနေကြတယ်။ ဒါပေမဲ့ကျေးရွာဒေသခံတွေပဲပြန်လာနေထိုင်လို့မရဘူးဖြစ်နေတယ်” ဟုပြောသည်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ဖြတ်သွားဖြတ်လာပြည်သူများကို စစ်ဆေးခြင်းအပြင် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ညကလည်း နေအိမ်တွင်ရှိနေသည့် အသက် ၆၀ ကျော်အရွယ်အဖိုးအိုတစ်ဦးကိုလည်း ဝင်ရောက်ရိုက်နက်သွားကြောင်း သူကဆက်ပြောသည်။

“သူကရွာမှာကျန်ထားတာဟုတ်တယ်။ အိမ်မှာနေပြီး သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်တွေကို စိုးရိမ်ပြီး နေနေတာဟုတ်တယ်။ အဲ့တာကို ရှမ်းနီပြည်သူ့စစ် လေးယောက်ကလာပြီးနှိပ်စက်သွားတာဟုတ်တယ်” ဟုပြောသည်။

ရိုက်နှက်နှိပ်စက်ခံရသည့် အသက် ၆၀ ကျော်အရွယ် ဦးဇဟယ်လသပ်ဆိုသူမှာ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ကျေးရွာအတွင်း ခိုးဆိုးလုနှိုက်လုပ်နေသည့် ပြည်သူ့စစ်များကို ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဘုန်းကြီးများက ကျေးရွာမှထွက်သွားရန် သွားရောက်အကူအညီတောင်းသော်လည်း လက်ခံခြင်းမရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

နန့်မွန်းနှစ်ခြင်းဘုရားကျောင်းတွင် စစ်ကောင်စီပူးပေါင်းတပ်က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ သော့များရိုက်ဖျက်ကာ ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ဒေသခံ လူဦးရေ ၄၀၀ ကျော်အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က လက်ရှိအချိန်ထိ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ပြီး ဘုရားကျောင်းရှိ အသံချဲ့စက်များအသုံးပြုကာ သီချင်ဆိုမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ