လိုင်ဇာမြို့အနီးရှိ ဂျယ်ယန့်ချောင်း (Je Yang Hka) တွင် ယနေ့နံနက်ပိုင်းက ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

ဂျယ်ယန့်စစ်ရှောင်စခန်း၊ ဆေးရုံအနီးရှိချောင်းတွင်‌ ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ဆယ်ထုတ်နိုင်ခဲ့သည်ဟု ဂျယ်ယန့်စစ်ရှောင်စခန်းနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်က မိုးရွာနေတယ်ဆိုတော့ ရှစ်နာရီလောက်နေမှာ အလောင်းကောက်တာကလေ၊ အမျိုးသမီးအလောင်း ဟုတ်တယ်။ ဆေးရုံအထက်နားကချောင်းမှာတွေ့တာ” ဟုပြောသည်။

ချောင်းတွင်မျောလာသည့် သေဆုံးသူအမျိုးသမီးမှာ ရွှေဆွဲကြိုးတစ်ကွင်း ဝတ်ဆင်ထားပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသမီး၏ရုပ်အလောင်းက သေဆုံးနေသည်မှာ သုံးရက်ခန့်ကြာပြီဖြစ်ကြောင်း ခန့်မှန်းသိရှိရသည်ဟု လိုင်ဇာမြို့နေအမျိုးသားတစ်ဦးက ပြောသည်။

“မျောလာတဲ့အမျိုးသမီးကို ဒီနေ့တွေ့တာ၊ ဘယ်လိုသေဆုံးပြီး မျောလာတာလဲတော့မသိသေးဘူး။ သူ့ရဲ့ ပုံစံကြည့်ရတာတော့ သေတာ သုံးလေးရက်လောက် ကြာပြီထင်တယ်။ ခန္ဓာကိုယ်ပေါ်က အရေခွံတွေလည်း အကုန်လှန်ကုန်ပြီလေ” ဟု ပြောသည်။

သေဆုံးသူနှင့်ပတ်သက်ပြီး သီးခြားအချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း လိုင်ဇာမြို့အနီး မုန်လိုင်ချောင်းတွင် တရုတ်ပြည်ဘက်မှ လိုင်ဇာဘက်ကမ်းသို့ ရေကူးလာသည့် အမည်မသိအမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။

 

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ