မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် အတက်ရောဂါရှိသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့သူများကို ဖမ်းဆီးထားပြီးအမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ကျန်းမာရေးမကောင်းသည့် မိန်းကလေးကို ဈေးဆိုင်များဖွင့်လှစ်ထားသည့် အမျိုးသားသုံးဦးက မုန့်နှင့် ပိုက်ဆံများပေးကာ အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးမလေးက ဈေးဝယ်သွားပြီဆိုရင် လာဦးဆိုပြီးအခန်းထဲခေါ်ပြီးမှ ဈေးဆိုင်ခန်းမှာ ပြုကျင့်ပေးတာ။ ဖြစ်တာကလည်း မနက်စောစောနဲ့ နေ့လယ်ခင်းတွေမှာဖြစ်တာဆိုတော့ မထင်ရက်ဘူးလေ။ ဖြစ်တဲ့နေရာကလည်း အိမ်နဲ့ သုံးဝန်းပဲဝေးတယ်။ ဒီလူတွေကသူ့ကို ကာမပြုပြီးရင် ဘာပေးခဲ့လဲဆိုတော့ ပါဝါရိန်းဂျားထီးလေး အသေးလေးရယ်၊ ကလေးဆော့တဲ့ ပန်ကာလေးတွေ၊ တခါတလေကျရင် ပိုက်ဆံပေးခဲ့တယ်၊ တခါတလေကျရင်မုန့်ပေးခဲ့တယ် အဲဒီလိုမျိုးတွေဖြစ်တာ” ဟုဆိုသည်။

ကျူးလွန်ခံရသည့် မိန်းကလေးမှာ ဝက်ရူးပြန်ရောဂါခံစားနေရသူဖြစ်သည်ဟု သိရပြီး မိခင်ဖြစ်သူက အခြားမြို့သို့သွားရောက်အလုပ်လုပ်ကိုင်နေချိန် နာမကျန်းဖြစ်နေသည့် အဖွားဖြစ်သူကို ပြုစုစောင့်ရှောင်ရင်း အုပ်ကျင်းရပ်ကွက်ရှိနေအိမ်တွင်နေထိုင်စဉ် ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်။

မုဒိန်းမှုကျူးလွန်ခဲ့သူများမှာ အသက် ၆၀ ကျော်အရွယ် ဦးဘိုရဲ၊ အသက် ၆၅ နှစ်အရွယ် ဦးကျော်မိုးလွင်နှင့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးမိုးလှဌေးတို့ဖြစ်ကြောင်းသိရသည်။

မိခင်ဖြစ်သူနေအိမ်သို့ပြန်လည်ရောက်ရှိခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် သမီးဖြစ်သူ၏ဖြစ်စဉ်ကို သိရှိခဲ့ရပြီး မိုးညှင်းမြို့မရဲစခန်းတွင်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သည့် အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

“အိမ်ရောက်တော့ သူ့ဖုန်းကိုတွေ့တော့ ဒီဖုန်းဘယ်သူဝယ်ပေးလဲဆိုတော့ အမေ့သူငယ်ချင်းတဲ့။ အဲဒါနဲ့ စစ်ရင်းစစ်ရင်းနဲ့ အကုန်ပေါ်တော့တာ တောက်လျှောက်။ ချော့တစ်လှည့်၊ ခြောက်တစ်လှည့်မေးတဲ့ အခါကျတော့ တစ်ယောက်တောင်မဟုတ်ဘူး သုံးယောက်ဖြစ်လာတော့တာ” ဟုဆိုသည်။

ဖြစ်စဉ်သိရှိပြီးနောက် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ပြီး ကျူးလွန်သူ သုံးဦးကို ထိုနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မုဒိမ်းမှုကျူးလွန်သူများထဲမှ ဦးဘိုရဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူဖြစ်ကြောင်းသိရပြီး တရားမစွဲရန် ရင်းနှီးသူများထံမှတစ်ဆင့် ကျပ်သိန်း ၂၀၀ ဖြင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“သူတို့ကတော့ လူဌားပြီးတော့လာပြောခိုင်းတာပေါ့။ ကျွန်မတို့ကတော့ ဥပဒေအတိုင်းပဲသွားမယ်လို့ ပြောလိုက်တယ်။ သိန်းနှစ်ရာနဲ့ ညှိပေးမယ်ပေါ့” ဟုဆိုသည်။

မုဒိမ်းမှူကျူးလွန်သူသုံးဦးကို မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော်လည်း မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက်ထားသည်ကို သိရှိနိုင်ရန် အုတ်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကို The 74 Media က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။

အသက် ၁၈ နှစ်မပြည့်သေးသည့်အပြင် နာမကျန်းဖြစ်သူနေသည့်မိန်းကလေးငယ်တစ်ဦးကို အခွင့်ကောင်းယူကာ အကြိမ်ကြိမ်မုဒိမ်းပြုကျင့်မှုကိုရှုံ့ချကြောင်းနှင့် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသင့်သည်ဟု ကချင်အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။

“အသက်မပြည့်တဲ့ကလေးမကို ပြီးတော့ စိတ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာချို့တဲ့တဲ့ မိန်းကလေးကို ဒီလိုစော်ကားတာ လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုတာ၊ သက်ငယ်မုဒိမ်းမှုပြုတာဟာ လုံးဝရှုံ့ချဖို့ဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့ပြီးတော့ မိဘတွေကလည်းအပြည့်အစုံမထားနိုင်ဘူး။ မိခင်ကလည်းအဝေးမှာရှိနေတဲ့အချိန် ပြီးတော့ သူ့ရဲ့အစ်ကိုတွေ၊ သူ့ရဲ့ဖခင်တွေကလည်း အားကိုးလို့မရတဲ့အချိန်မှာ အဖက်ဖက်က ပြည့်စုံမှုမရှိတဲ့ မိန်းကလေးကိုမှ ဒီလိုကူညီရမယ့်အစားပေါ့နော် ဒီလို ပိုပြီးတော့မှလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုတာဟာ အင်မတန်မှလူမဆန်တဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီလိုကျူးလွန်တဲ့သူတွေကို လုံးဝခွင့်လွတ်လို့မရဘူး။ ဒီအမှုဟာ ကျွန်မတို့လက်မခံနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြင်းထန်စွာ အရေးယူဖို့အရေးကြီးပါတယ်” ဟုဆိုသည်။

မုဒိမ်းမှုတွင် ကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ထောင်ဒဏ်၂၀ နှစ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်က အတည်ပြု ပြဌာန်းလိုက်သည့် မုဒိမ်းမှုအား ပြန်လည်ပြင်ဆင်သည့် ဥပဒေတွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှူကျူးလွန်သူများသည် အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ